တာချီလိတ်၌ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စတင်

တာချီလိတ်၌ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စတင်
ဧပြီ 1, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် ကျိုင်းတုံတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ ပါဝင်သော အခြေခံစာတတ်မြောက်ရေး လှူပ်ရှားမှုအား (၄၅)ရက်အကြာ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

“ကျေးလက်ဒေသ ရေရှည်ဖွံဖြိုး တိုးတက်ရေး ကြိုးပမ်းမှုမှာ အင်အားတစ်ရပ် ဖြစ်လာရန် အတွက်နဲ့ တစ်နိုင်ငံလုံး အနေနဲ့ ၂၀၁၅ ခုနှစ်တွင် စာတတ်မြောက်မှု (၉၉%)ရောက်ရှိရေး ရည်ရွယ်ချက်နဲ့ ကျောင်းပြင်ပ ပညာရေးကို စဉ်ဆက်မပြတ် ပညာရေးဖြစ်ဖို့ ရည်ရွယ်တာပါ”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ တာချီလိတ် အောင်မြတ်ခန်းမတွင် ယနေ့ ဧပြီလ(၁)ရက် နံနက်ပိုင်းက ကျင်းပသော အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းအဖြစ် ပြောကြားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ်တွင် စာတတ်မြောက်မှု (၃၅%)ရှိရာမှ “အ”သုံးလုံးကျေ သင်တန်းများ ဖွင့်လှစ်ခဲ့ခြင်းကြောင့် (၇၅%)အထိ တိုးတက်ခဲ့ကြောင်း၊ “ကျေးရွာ တစ်ရွာ၊ ထွက်ကုန် တစ်ခု၊ နိုင်ငံအကျိုးပြု” စီမံချက်အား ပညာတတ်မြောက်မှု ရာခိုင်နှုန်း တိုးတက်မှသာလျှင် တစ်ဖက်တစ်လမ်း အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ၎င်းမှပြောသည်။

“စာတတ်မြောက်ရေး လှုပ်ရှားမှုကို ကျေးရွာတွေမှာ နိုင်ငံတော် စီမံချက်အနေနဲ့ လုပ်ဆောင်တာပါ၊ မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့က ရေးဆွဲတဲ့ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားမှာပါ”ဟု တာချီလိတ်မြို့နယ် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှ မှပြောသည်။

စာတက်မြောက်ရေးလှုပ်ရှားမှုတွင် ကျိုင်းတုံ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူပေါင်း(၂၇)ဦးနှင့် ဆရာ၊ ဆရာမ (၃)ဦး ပါဝင်၍ သင်ကြားပေးမည် ဖြစ်ကြောင်း၊ အသက်လွန်၍ ကျောင်းနေဖူးခြင်း မရှိသော သူများအားလုံး ပါဝင်သော သင်ကြားမှုများပြုလုပ်မည် ဖြစ်ကြောင်းနှင့် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုအား ရှမ်းပြည်နယ်အတွင်း တာချီလိတ်မြို့နယ်အတွင်းသာ အဓိကထား ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

အခမ်းအနားတွင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းက ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်လှူဒါန်းလာသည့် အခြေခံစာတတ်မြောက်ရေးအတွက် ကျပ်သိန်း(၃၀)အား ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေး ကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ လက်ခံရယူသည်။

စာတတ်မြောက်ရေးလှုပ်ရှားမှု အခမ်းအနားတွင် ပြည်နယ်စည်ပင်သာယာရေး ၀န်ကြီး အပါအ၀င် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ကျိုင်းတုံတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့သည်။

ပုံများကိုကြည့်ရန်
တာချီလိတ်၌ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စတင်

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~ကြော်ငြာ ~~~~~~~