မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်သို့ ထိုင်းနိုင်ငံအတွင်းမှ တရားမ၀င် ရွှေ့ပြောင်း မြန်မာလုပ်သားများအား ဖမ်းဆီးအရေးယူပြီး ပြန်လည်၍ လွှဲပြောင်းပေးလာရာတွင် ဖေဖော်ဝါရီလ(၂၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ နှစ်ရက်တာအတွင်း မြန်မာနိုင်ငံသား (၂၀)ဦးအား လွှဲပြောင်းပေးလာကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၂၁)ရက်နေ့က အမျိုးသား(၁၁)ဦး နှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၁၄)ဦးအား လွှဲပြောင်းပေးလာခဲ့ပြီး ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်ပိုင်းက အမျိုးသား(၆)ဦးအား လွှဲပြောင်းပေးလာရာ နှစ်ရက်တာအတွင်း (၂၀)ဦးရှိခဲ့ပြီး ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၂)ရက်နေ့အထိ စုစုပေါင်း (၈၉)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ထိုင်းဘက်မှ လွှဲပြောင်းပေးလာသူများမှာ မိမိတို့ဆန္ဒအလျောက်နေရပ်ပြန်လာသည့် ရွှေ့ပြောင်း လုပ်သားများ မဟုတ်ဘဲ ထိုင်းနိုင်ငံတွင်း သက်တမ်းကျော်လွန် နေထိုင်ခြင်း၊ နေထိုင်ခွင့် အထောက်အထား မရှိဘဲ နေထိုင်ခြင်းများအား စစ်ဆေးတွေ့ရသည်များကြောင့် ဖမ်းဆီးအရေးယူပြီး ယခုလို ပြန်လည် ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းဘက်မှ ပြန်လည်လွှဲပြောင်းပေးလာသည်များတွင် မြန်မာနိုင်ငံသားများ မဟုတ်သည့် အခြားနိုင်ငံသားများ ရောနှောပါဝင်လာခြင်း ရှိမရှိအား စိစစ်ပြီးမှသာ မြန်မာဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းမှုကို လက်ခံကြောင်း သိရှိရသည်။
ဓာတ်ပုံ - မြို့နယ် ထွေ/အုပ်