ရခိုင်ပြည်နယ်အတွင်း အရပ်သားများကို အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန် အမေရိကန်တောင်းဆို

ရခိုင်ပြည်နယ်အတွင်း အရပ်သားများကို အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန် အမေရိကန်တောင်းဆို

ရခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန် အမေရိကန်ပြည်ထောင်စုမှ တောင်းဆိုကြောင်း မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှ ၂၀၂၄ ခုနှစ် မေလ (၂၂) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

စစ်ရေးအရှိန် မြင့်တက်နေသည့် ရခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အဟန့်အတားမရှိပေးအပ်ခွင့်ပြုရန် မြန်မာစစ်တပ်နှင့် တာဝန်ရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကိုတောင်းဆိုကြောင်း အမေရိကန်သံရုံးမှ ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် နိုင်ငံအတွင်းရှိ အခြားနေရာများတွင် လူ့အသိုက်အဝန်းများအကြား တင်းမာမှုများကို လှုံ့ဆော်ပေးလေ့ရှိသည့် စစ်တပ်၏ အတိတ်ကလုပ်ရပ်များအပြင် ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး ၎င်းတို့ ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် အခြားသောရာဇဝတ်မှုများက ပြည်သူများအတွက် စိုးရိမ်ဖွယ် အန္တရာယ်အဖြစ် မီးမောင်းထိုးပြနေကြောင်း ဆိုသည်။

မြို့များ မီးရှို့ခံရခြင်းနှင့် ရိုဟင်ဂျာများသာမက ဒေသနေပြည်သူများ အိမ်ယာစွန့်ခွာရခြင်းများအပါအဝင် အရှိန်မြင့်လာသည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများအကြောင်း သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် လွန်စွာစိုးရိမ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်များမှာ ရိုဟင်ဂျာများကို အတင်းအကြပ်စစ်မှုထမ်းဆောင်စေခြင်းနှင့် လုပ်ကြံသတင်း၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်နှံ့နေခြင်းများကဲ့သို့ စိတ်မအေးဖွယ်ရာသတင်းများ၏ နောက်ဆက်တွဲအဖြစ် ဆင့်ကဲပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အမေရိကန်သံရုံးမှဆိုသည်။

လတ်တလောတွင် အရှိန်မြင့်လာသည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများက ကြမ်းကြုတ်ရက်စက်သောလုပ်ရပ်များ ယခုထက် ကျယ်ပြန့်စွာ ဖြစ်ပွားလာနိုင်ခြေရှိမှုကိုလည်း ပိုမိုမြင့်မားလာစေနိုင်သည်ဟု အမေရိကန်ပြည်ထောင်စု၏ အမြင်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှိန်မြင့်လာသည့် ယခုအကြမ်းဖက်မှုများကို ရှုတ်ချကြရန်၊ လူ့အခွင့်အရေးချိုးဖောက်သူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ကြရန်နှင့် အနာဂတ်တွင် ကြမ်းကြုတ်ရက်စက်မှုများ မဖြစ်ပွားစေရေးအတွက် အကြမ်းဖက်မှုများမှ ရှောင်ပြေးသူများကို အကာအကွယ်ပေးအပ်ကြရန် နိုင်ငံတကာမိတ်ဖက်များကိုလည်းတိုက်တွန်းကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆိုသည်။

အသက်ဆုံးရှုံးရသူများနှင့် ကျန်ရစ်သူများအတွက် တရားမျှတမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ရန်သာမက ကြမ်းကြုတ်ရက်စက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် အမေရိကန်ပြည်ထောင်စုက ဆက်လက် သံန္နိဋ္ဌာန်ချထားပြီး အကြမ်းဖက်မှုများကို ကျူးလွန်သည့် စစ်တပ်နှင့် အခြားတာဝန်ရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ဒဏ်ခတ်အရေးယူသွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency