ရေစကြိုတွင် တော်လှန်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာမှ တိုက်ပွဲဖြစ်

ရေစကြိုတွင် တော်လှန်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာမှ တိုက်ပွဲဖြစ်

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာမှ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားအများအပြားသေကာ လက်နက်များ သိမ်းဆည်းရရှိကြောင်း Southern YSO PDF ထံမှ သိရသည်။

ကျေးရွာ(၃)ရွာနှင့် PDF တပ်စခန်း တစ်ခုကို ၂၀၂၄ခုနှစ် မေလ(၁၇)ရက်နေ့တွင် ပခုက္ကူ (၁၀၁)တပ်နှင့် လက်အောက်ခံ(၂၃၅၊ ၂၅၇၊ ၂၅၈)တပ်များက အင်အား (၃၀၀) ကျော်ဖြင့် တစ်ချိန်တည်းဝင်ရောက်စီးနင်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇီးတောရွာ၊ ကျောက်ထပ်ရွာ၊ သဲတောရွာနှင့် Southern YSO PDF စခန်းနေရာတို့ကို အင်အားအလုံးအရင်းဖြင့် လက်နက်ကြီး၊လက်နက်ငယ်များပစ်ခတ်၍ဝင်စီးရာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး Southern YSO PDF စခန်းကို ဝင်စီးရာ Southern YSO PDF နှင့် မဟာမိတ်တပ်များက မိုင်းဆွဲခြင်း၊ (၆၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်သား အများအပြားသေကြောင်း သိရသည်။

"အလောင်းတွေကို မေလ(၁၈)ရက်နေ့ ည(၁၂)နာရီလောက်မှာ စခန်းအတွင်းကနေ ကား(၂)စီးနဲ့ သယ်သွားတယ်။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက နောက်ဆုတ်နေရာယူပြီး စစ်ကြောင်း(၂)ကြောင်းနဲ့ ခုခံစစ် ပြန်လည်ပြင်ဆင်ခဲ့တယ်။"ဟု Southern YSO PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့အပြင် ယင်း‌နေ့ နံနက်ပိုင်းတွင် ရှေ့ပြေးကင်းတက်လာသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးထွန်းလင်းသူအပါ စစ်ကောင်စီတပ်သား (၁၀)ဦးနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ (၁၀)ဦးလုံးသေပြီး လက်နက်(၉)လက် သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

၎င်းတို့ထံမှ MA1 (၃)လက်၊ MA2 (၁)လက်၊ MA3 (၁)လက်၊ G3 (၄)လက်နှင့် အာပီဂျီ ထိပ်ဖူး(၁)ခု၊ ကျည်မျိုးစုံ (၄၀၀)ကျော်နှင့် ဦးထုပ်(၂)လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency