မုန်းမြို့အနီးရှိ တုန်းတောရွာတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိကာ လူငယ်(၃)ဦး ဒဏ်ရာရ

မုန်းမြို့အနီးရှိ တုန်းတောရွာတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိကာ လူငယ်(၃)ဦး ဒဏ်ရာရ

ပဲခူးတိုင်း မုန်းမြို့အနီးရှိ တုန်းတောရွာတွင် စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိကာ လူငယ်(၃)ဦး ဒဏ်ရာရပြီး ဖြူးမြို့နယ်ဆေးရုံတွင် ဆေးကုသနေရသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ အသက် (၁၅)နှစ်ဝန်းကျင် စစ်ရှောင် လူငယ် (၃)ဦးသည် ယမန်နေ့ ၂၀၂၄ ခုနှစ် မေလ(၇) ရက်နေ့က အင်းသို့သွားစဉ် တုန်းတောရွာအနီး၌ စစ်ကောင်စီတပ်ထောင်ထားသော မြေမြှုပ်မိုင်းကိုနင်းမိကာ ဒဏ်ရာရသွားခြင်းဖြစ်သည်ဟု သိရသည်။

"မိုင်းထိတာ သေလား၊ ရှင်လား မသိရသေးဘူး။ အခု ဖြူးဆေးရုံမှာ။ ခြေထာက်တော့ထိသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် မုန်းမြို့တိုက်ပွဲအပြီး တော်လှန်ရေးတပ်များ မုန်းမြို့က ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်က မြို့ကိုပြန်လည်ထိန်းချုပ်ကာ မြို့ပတ်လည်တွင် မြေမြှုပ်မိုင်းများထောင်ထားသည်ဟု ဆိုသည်။

"စစ်ပြီးတော့ တော်‌လှန်ရေးအဖွဲ့တွေက ထွက်သွားတယ်။ စစ်တပ်က မုန်းမြို့ပတ်ပတ်လည်နဲ့ ရွာတွေမှာ မိုင်းတွေကာထားတာ။ အခု ကြာလာတော့ ဒေသခံတစ်ချို့နေရပ်ပြန်လာနေကြတယ်။ တုန်းတောမှာလည်း စစ်တပ်က အထိုင်ချထားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

မုန်းမြို့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်တွင် မြို့ပေါ်ရပ်ကွက်(၆)ခုအပါအဝင် ကျေးရွာပေါင်း(၉၅)ရွာမှ အရပ်သား(၇၀,၀၀၀)ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

"KNU၊ PDFတွေက ပြီးအောင်မသိမ်းနိုင်ဘဲလျောက်လုပ်တာ။ပြည်သူလူထုပဲခံရတယ်။ အိမ်တွေပစ်ပီး ပြေးရတော့ အိမ်တွေလည်း ဖောက်ခိုးထားတာ အဝတ်စုတ်တောင်မကျန်ဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

မုန်းမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြား သေဆုံးကာ ဒုတပ်ရင်းမှူးအပါအဝင် တပ်မိသားစုဝင်များကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်ဟု KNUက ထုတ်ပြန်ခဲ့သည်။

#TachileikNewsAgency