နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမဈာပနသို့ ကြွရောက်ရန်အတွက်  ဖိတ်စာ မရရှိသည့် တာချီလိတ်မြို့တွင်းမှ ဘုန်းကြီးကျောင်းများစွာ ကျန်ရှိနေ

နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမဈာပနသို့ ကြွရောက်ရန်အတွက်  ဖိတ်စာ မရရှိသည့် တာချီလိတ်မြို့တွင်းမှ ဘုန်းကြီးကျောင်းများစွာ ကျန်ရှိနေ
ဧပြီ 4, 2024 | ရှမ်းရှေ့

 နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမဈာပန အခမ်းအနားသို့ ကြွရောက်နိုင်ရန်အတွက် တာချီလိတ်မြို့တွင်းမှ အချို့ဘုန်းကြီးကျောင်းများမှာ ဖိတ်စာရရှိသော်လည်း ဖိတ်စာ မရရှိသည့် သံဃနာယက က အသိအမှတ်ပြု ဘုန်းကြီးကျောင်းများစွာ ကျန်ရှိနေသေးကြောင်း သိရသည်။



"တာချီလိတ်က တရားဝင် ဘုန်းကြီးကျောင်းတွေ တော်တော်များများ အဖိတ်မခံရဘူး။ ဖိတ်စာ မရောက်ဘူးပေါ့။ ဘာကြောင့်လဲဆိုတာတော့  ခရိုင်သာသနာရေးမှူးပဲ သိမယ်ထင်ပါတယ်။ ဘုန်းဘုန်းတို့လည်း ဖိတ်စာမရဘူး။ ဖိတ်စာမရတော့ ကြွချင်တာတေင် မကြွဝံ့ဘူး။ဖိတ်စာရတဲ့ ရဟန်း သံဃာတွေကိုသာ နေရာထိုင်ခင်း စီစဉ်ထားပေးမယ်ဆိုရင် ဖိတ်စာမရဘဲ သွားရင်တော့ အခက်တွေ့နိုင်တာပေါ့"ဟု အမည်မဖော်လိုသည့် ဆရာတော်တစ်ပါးက Tachileik News Agency ကို မိန့်သည်။

တာချီလိတ်မြို့တွင် သက်ဆိုင်ရာ သံဃနာယက က အသိအမှတ်ပြုထားသည့် ဘုန်းကြီးကျောင်း (၁၄၀)ကျော်ရှိပြီး သက်ဆိုင်ရာ သံဃနာယက က အသိအမှတ် မပြုထားရသေးသည့် ဘုန်းကြီးကျောင်း(၄၀)ကျော်ရှိ နှင့် အသိအမှတ်ပြုရန် စိစစ်ဆဲ ဘုန်းကြီးကျောင်းမှာ (၇)ကျောင်းရှိသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ဝါဆိုစာရင်းအရ ရဟန်းသံဃာ နှင့် သီလရှင် စုစုပေါင်း  အပါး (၂၀၀၀)ဝန်းကျင်ရှိကြောင်း သိရသည်။

"ဖိတ်စာမရတဲ့ ကျောင်းတွေ အများကြီး ကျန်ခဲ့တယ်လို့ ကြားတယ်။"ဟု ဖိတ်စာရရှိသည့် ဆရာတော်တစ်ပါးက မိန့်သည်။



တာချီလိတ် - မိုင်းဖုန်း သွားလမ်း နှင့် မြို့ပတ်လမ်းထောင့်အနီးရှိ  ကွင်းတွင် ကျင်းပမည့်  နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမဈာပန အခမ်းအနားသို့ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ ရဟန်းသံဃာများ နှင့် ပြည်မတွင်းမှ ရဟန်းသံဃာများ အပါအဝင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း နှင့် လာအိုတို့မှ ရဟန်းသံဃာများစွာ ကြွရောက်လာကြမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်၏ ပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယအဖွဲ့ဝင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ  နဂါးနှစ်ကောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရိသည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့က ပျံလွန်တော်မူသွားခြင်းဖြစ်ပြီး ဧပြီလ(၆)ရက်နေ့တွင် ကျင်းပမည့် အန္တိမဈာပန အခမ်းအနားကို အခမ်းနားဆုံးနှင့် အကြီးကျယ်ဆုံး ဖြစ်ရန် ထိုင်းဘတ်ငွေ သန်းပေါင်းများစွာ အကုန်ကျခံကာ ပြင်ဆင်ထားကြောင်း သိရသည်။