နမ့်ဆန်မြို့တွင် မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်အား ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် (၃)ဦး သေဆုံး

Photo: PSLF/TNLA
Photo: PSLF/TNLA
နမ့်ဆန်မြို့တွင် မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်အား ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် (၃)ဦး သေဆုံး
ဖေဖော်ဝါရီ 2, 2024 | 2021 Military Coup| ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း နမ့်ဆန်မြို့နယ်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးအား ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးငယ် (၃)ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

 

ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ နေ့လည်ပိုင်းက နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးရပ်ကွက်တွင် နမ့်ဆန်မြို့တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်ကောင်စီ၏ လက်နက်ကြီးတစ်လုံးအား ကလေးငယ် (၃)ဦးတွေ့ရှိရာမှ ဆော့ကစားနေကြစဥ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ပေါက်ကွဲမှုကြောင့် အသက်(၆)နှစ်အရွယ်ရှိ မိုင်းနေမင်းအောင် ၊ အသက်(၁၀)နှစ်အရွယ်ရှိ မိုင်းလှိုင်မင်းအောင်နှင့် အသက်(၁၁)နှစ်အရွယ်ရှိ မိုင်းအောင်ကျော်ဇော်  ပွဲချင်းပြီး သေဆုံးသွားရခြင်း ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၎င်းတို့ တပ်ဝန်းကျင် အပါအဝင်  မြို့တွင်းတပ်စွဲထားသည့် နေရာများနှင့် ပြည်သူလူထုများ၏ ခြံဝန်းအတွင်း ထောင်ထားသည့်မိုင်းများနှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးများအား PSLF/TNLA မှ လိုက်လံ ရှာဖွေရှင်းလင်းနေလျှက်ရှိသလို ပြည်သူများအနေဖြင့်လည်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံးများကိုတွေ့ရှိပါက အကြောင်းကြားပေးနိုင်ရန် အသိပေးထားရှိကြောင်း သိရသည်။

 

Photo: PSLF/TNLA