ကျားဖြန့်လုပ်ငန်းများကို ဖော်ထုတ်နှိမ်နှင်းသွားမည်ဟု SSPP ဗဟိုကော်မတီဆုံးဖြတ်

ကျားဖြန့်လုပ်ငန်းများကို ဖော်ထုတ်နှိမ်နှင်းသွားမည်ဟု SSPP ဗဟိုကော်မတီဆုံးဖြတ်
ဇန်နဝါရီ 30, 2024 | 2021 Military Coup

ကျားဖြန့်လုပ်ငန်းများကို ဖော်ထုတ်နှိမ်နှင်းသွားမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဗဟိုကော်မတီအစည်းအဝေး ၂၀၂၃ခုနှစ် နှစ်ချုပ်အစည်းအ‌ဝေး၏ ထုတ်ပြန်ကြေညာချက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေကြေး လိမ်လည်သည့် လုပ်ငန်းများကို ဖော်ထုတ်တားဆီး နှိမ်နှင်းပြီး သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်အပ်နှံသွားမည်ဟု ဆိုသည်။

ထို့အပြင် အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် နယ်မြေချဲ့ထွင်ရေးမူဝါဒတို့ကို ဆန့်ကျင်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှသာ အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။

အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ ကျဥ်းမြောင်းသောအမြင်ရှိသည့် မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူးပေါင်းသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ကာကွယ်ထိန်းသိမ်းပြီး ဒေသဖွံ့ဖြိုးရေးဖြစ်သည့် ပညာရေး၊ ကျန်းမားရေး၊ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ ရေရရှိရေး၊ လမ်း၊ တံတားများတည်ဆောက်ရေးအပြင် ဒေသခံများ လူနေမှုဘဝ မြှင့်တင်ရေး၊ စာဝတ်နေရေး ချောင်လည်စေရေးတို့အတွက် ကူညီပံ့ပိုးခြင်းနှင့် အကာအကွယ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

အဆိုပါအစည်းအဝေးကို ဗဟိုကော်မတီဝင် (၂၃)ဦး၊ အရံဗဟိုကော်မတီဝင် (၆)ဦးနှင့် တပ်ကိုယ်စားလှယ် (၁၂၅)ဦး၊ နယ်ဘက်အုပ်ချုပ်ရေးကိုယ်စားလှယ် (၄၈)ဦး၊ ဗဟိုဌာနများနှင့် ရုံးအဖွဲ့ဝင် (၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency