ကျောက်တော်မြို့နယ်ရှိ စစ်ရှောင်များရှိရာ ရွာသစ်ရွာကို စစ်ကောင်စီဗုံးကြဲ စစ်ရှောင် ၅ ဦးသေဆုံး

ကျောက်တော်မြို့နယ်ရှိ စစ်ရှောင်များရှိရာ ရွာသစ်ရွာကို စစ်ကောင်စီဗုံးကြဲ စစ်ရှောင် ၅ ဦးသေဆုံး
ဇန်နဝါရီ 17, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ စစ်ရှောင်များခိုလှုံနေသည့် ပီချောင်းဒေသ ရွာသစ်ရွာကို စစ်ကောင်စီတပ်က ‌ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့ ညနေပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် (၅)ဦး သေဆုံးသွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲခြင်းဖြစ်ပြီး လူကြီး(၄)ဦးနှင့် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ရပြီး (၃)ဦးမှာ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်မှ စစ်ဘေးရှောင်လာသူ မိသားစုများဖြစ်သည်ဟု ကနဦးသိရသည်။

"(၅)ဦးသေတယ်။ တော်တော်များများဒဏ်ရာရတယ်။ အိမ်တွေမီးလောင်တယ်။ စစ်ရှောင်လာသူတွေ သေသွားတာ။ လေယာဉ်နဲ့ဗုံးကြဲတာ။ စစ်ရှောင်မိသားစု သေဆုံးသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါကျေးရွာတွင် ဒေသခံများနှင့် စစ်ရှောင်လာသူ (၁၀၀၀)ကျော်ရှိပြီး ဒေသခံများ၏ ပြောကြားချက်အရ စစ်တွေမြို့ဘက်မှ ပျံသန်းလာသည့် တိုက်လေယာဉ်က ဗုံးကြဲသွားခြင်းဖြစ်သည်ဟု သိရသည်။

အင်တာနက်လိုင်း၊ ဖုန်းလိုင်းအခက်အခဲများကြောင့် အသေးစိတ်အချက်အလက်ကို Tachileik News Agencyက

ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

#TachileikNewsAgency