စစ်ကိုင်းမြို့ရှိ NLD တိုင်းဒေသကြီးလွှတ်တော်အမတ်၏ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီအဖွဲ့က အဂတိမှုဖြင့်ဟုဆိုကာ ချိတ်ပိတ်

စစ်ကိုင်းမြို့ရှိ NLD တိုင်းဒေသကြီးလွှတ်တော်အမတ်၏ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီအဖွဲ့က အဂတိမှုဖြင့်ဟုဆိုကာ ချိတ်ပိတ်
ဇန်နဝါရီ 21, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ  NLD ပါတီဝင် အမှတ်(၁) တိုင်း‌ဒေသကြီးလွှတ်တော်အမတ် ဦးစိုးဦး၏ နေအိမ်ခြံဝန်းကို စစ်ကောင်စီ လက်အောက်ခံအဖွဲ့များက ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် လာရောက်ပြီး အဂတိမှုဖြင့်ဟုဆိုကာ ချိတ်ပိတ်သွားကြောင်း သိရသည်။

ပြည်သူ့အစိုးရလက်ထက်က အဂတိမှုဖြင့် အမှုဖွင့်ခံထားရသူများ၏ ပိုင်ဆိုင်မှုနှင့် နေအိမ်များကို ချိတ်ပိတ်သည်ကို မတွေ့ရသော်လည်း ယခု အာဏာသိမ်း စစ်ကောင်စီက အဂတိမှုဖြင့်ဟုဆိုကာ နေအိမ်အား လာရောက် ချိတ်ပိတ်ခြင်း ဖြစ်သည်။

မဲစာရင်း အကြောင်းပြကာ တစ်နှစ်အာဏာထိန်းသည်ဟုဆိုကာ အာဏာသိမ်းလိုက်သည့်အဖွဲ့က အာဏာစသိမ်းသည့်နေ့ကတည်းက NLD ပါတီ တာဝန်ရှိသူများကို ဖမ်းဆီးနေခဲ့ရာ အာဏာသိမ်းပြီး (၁၁)လကာလရောက်သည်အထိ ရပ်ကျေးအဆင့်ပါမကျန် လိုက်လံဖမ်းဆီးခြင်း၊ နေအိမ်ပိုင်ဆိုင်မှုများအား ချိတ်ပိတ်ခြင်းအပြင် NLD ထောက်ခံသူများ၏ နေအိမ်များကိုပါ ချိတ်ပိတ်မှုများ လုပ်လာသည်ကို တွေ့ရသည်။

နိုင်ငံ့စစ်တပ်ကိုသုံး၍ အာဏာသိမ်းထားသည့်အဖွဲ့သည် အာဏာသိမ်းမှုလက်မခံကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြသည့်ပြည်သူများကို လက်နက်ဖြင့် အကြမ်းဖက်နှိမ်နှင်းမှုကြောင့် လက်နက်ကိုင်တော်လှန်သည့် ပြည်သူ့ခုခံတွန်းလှန်စစ်ကိုပါ ရင်ဆိုင်နေရခြင်းဖြစ်သည်။