ရခိုင်မြောက်ပိုင်းတိုက်ပွဲကြောင့် သံတွဲတွင် မြို့နှင့် ကျေးရွာချင်းဆက်လမ်းများပိတ်ရန် စစ်ကောင်စီညွှန်ကြားသဖြင့် သွားလာရခက်နေ

ရခိုင်မြောက်ပိုင်းတိုက်ပွဲကြောင့် သံတွဲတွင် မြို့နှင့် ကျေးရွာချင်းဆက်လမ်းများပိတ်ရန် စစ်ကောင်စီညွှန်ကြားသဖြင့် သွားလာရခက်နေ
နိုဝင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တောင်ပိုင်း သံတွဲမြို့တွင် စစ်ကောင်စီက မြို့နှင့် ကျေးရွာဆက်လမ်းများအားပိတ်ထားရန် ညွှန်ကြားခဲ့ပြီး ငါးဖမ်းလှေများကိုလည်း ထွက်ခွာခွင့်ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်(၄)ခုတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တောင်ပိုင်းသံတွဲမြို့တွင် စစ်ကောင်စီတပ်များ ကြောက်လန့်နေသဖြင့် သံတွဲမြို့နှင့် ကျေးရွာများ ဆက်သွယ်ထားသည့် လမ်းများကို ပိတ်ရန်ညွှန်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"မနေ့ကစပြီးပိတ်လိုက်တာ။ အခု မသိမသာ ဖွင့်ပေးထားတယ်။ တကယ်က မနက်ဘဲ ပိတ်ခိုင်းတာ။ အစကပိုင်းတော့ မသိမသာ ဖွင့်ပေးသေးတယ်။ နောက် နေ့လယ်(၂)နာရီလောက်မှာ ပိတ်ချလိုက်တယ်။ ဒေသခံတွေလည်း ခဏလောက်တော့ ပိတ်မိသွားကြတယ်။ အခုတော့ မသိမသာ သွားလာခွင့်တော့ပေးနေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့အပြင် သံတွဲမြို့ကမ်းခြေများရှိ ငါးဖမ်းလှေများကိုလည်း ယမန်နေ့ ညပိုင်းမှစတင်ကာ ငါးဖမ်းခွင့်ပိတ်လိုက်ပြီး ပင်လယ်ပြင်သို့ ရောက်ရှိနေသည့် ငါးဖမ်းလှေများကိုလည်း ပြန်ဝင်ကြရန် စစ်ကောင်စီက အကြောင်းကြားသည်ဟု ဒေသခံများက ဆိုသည်။

"သံတွဲမြို့အထွက် မောင်းတံဂိတ်ကိုကျော်တဲ့ရွာတွေကို ဆရာမတွေ ကျောင်းသွားတက်တာ အဲဒီဆရာမတွေကို ပြန်အဝင်မခံဘူး။ မောင်းတံဂိတ်ကို ပိတ်ချလိုက်တယ်။ ရွာကလူတွေ မြို့ဝင်လို့မရ၊ မြို့ထဲကလူတွေ အပြင်ထွက်မရဖြစ်ကုန်တယ်။ ငါးဖမ်းလှေတွေထွက်မရတော့ဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရန်ကုန်-ဂွ-သံတွဲ အဝေးပြေးလမ်းကိုလည်း ပိတ်ထားပြီး စက်သုံးဆီများ ပြတ်လတ်သည့်အထိဖြစ်နေကာ ဆန်ဈေးလည်း တက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီး၊ မောင်တောမြို့နယ်၊ မီးတိုက်နှင့် သင်္ဘောလှရွာအနီး၊ မင်းပြားမြို့နယ်၊ ဖားပြို(ချင်း) ကျေးရွာ၏ အရှေ့မြောက်ဖက် (၁၁၀၀) မီတာအကွာ ရန်ကုန်-စစ်တွေ ကားလမ်းမထက်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာ၏ အရှေ့မြောက် (၅.၇)ကီလိုမီတာအကွာ မင်းပြား-မြောက်ဦးမြို့နယ်ကြားနှင့် ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ဒုံးပိုက်ကျေးရွာအနီးတို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

ယနေ့ နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းအား ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency