အရပ်သားကို သတ်ဖြတ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဒုတပ်ရင်းမှူးအား တရားစွဲဆိုထား

အရပ်သားကို သတ်ဖြတ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဒုတပ်ရင်းမှူးအား တရားစွဲဆိုထား
အောက်တိုဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် အရပ်သားတစ်ဦးအား သတ်ဖြတ်သွားသည့် လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဒုတပ်ရင်းမှူးတစ်ဦးကို ဖမ်းဆီးရမိထားပြီး NUG တရားစီရင်ရေးဌာနသို့ တရားစွဲဆိုတင်ပို့ထားကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၈)ရက်နေ့က တမူးမြို့နယ် ဘုတ်ကန်စံပြကျေးရွာ၌ လယ်ပိုင်ရှင် ဦးခင်မောင်လွင်သည် အငှားကောက်စိုက်သူ ဒေါ်စန္ဒာဝင်းအား ကောက်စိုက်ခ ကြိုထုတ်ပေးခဲ့သော်လည်း ကောက်စိုက်ချိန်နောက်ကျသဖြင့် ကိုယ်ထိလက်ရောက်သည်အထိ အချင်းများခဲ့ကြကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေါ်စန္ဒာဝင်းမှ အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံ တိုင်ကြားခဲ့ရာ ပြေလည်စေရန် ဖြေရှင်းပေးခဲ့သော်လည်း ဒေါ်စန္ဒာဝင်းသည် မကျေနပ်သဖြင့် ၎င်း၏သားဖြစ်သူ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဒုတပ်ရင်းမှူးအဆင့်ရှိ ကိုပီတာအား တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ထို့နောက် ကိုပီတာသည် ၎င်း၏တပ်ဖွဲ့ဝင် (၃)ဦးနှင့်အတူ ဦးခင်မောင်လွင်အား နေအိမ်မှဆိုင်ကယ်ဖြင့် ဖမ်းဆီးသွားခဲ့ကာ တွီဗန်ရွာအနီး လယ်ကွင်း၌ လက်ပြန်ကြိုးတုပ်ရိုက်နှက်ပြီး ဓားဖြင့် (၂၇)ချက်ထိုးသတ်၍ အလောင်းအား စွန့်ပစ်ခဲ့ကြောင်း သိရသည်။

၎င်းအမှုတွင် သေဆုံးသူမိသားစုဝင်များက အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံ လာရောက်တိုင်တန်းခဲ့သဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ကိုပီတာဆိုသူအား ပြီးခဲ့သည့် အောက်တိုဘာလ (၄)ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ကိုပီတာအား စစ်ဆေးမေးမြန်းရာ ၎င်းနှင့်အပေါင်းအပါ(၃)ဦးက သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် NUG တရားစီရင်ရေးဌာနသို့ သက်သေနှင့်တကွ တရားစွဲဆိုတင်သွင်းထားသည်ဟု သိရသည်။

#TachileikNewsAgency