ညောင်ပင်ကြီးရဲစခန်းမှ လက်နက်ကြီးနှင့် ပစ်ခတ်၍ အရပ်သားတစ်ဦးသေ တစ်ဦးဒဏ်ရာရကာ ဖမ်းဆီးခံရသူများလည်းရှိနေ

ညောင်ပင်ကြီးရဲစခန်းမှ လက်နက်ကြီးနှင့် ပစ်ခတ်၍ အရပ်သားတစ်ဦးသေ တစ်ဦးဒဏ်ရာရကာ ဖမ်းဆီးခံရသူများလည်းရှိနေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းမှ ယနေ့  ၂၀၂၃ ခုနှစ် ဇွန်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း သိရသည်။

ညောင်ပင်ကြီးရဲစခန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ နှင်းတောရပ်ကွက်မှ ဒေသခံတစ်ဦး ဦးခေါင်းထိမှန်သေဆုံးပြီး ထန်းတောကြီးရွာမှ ဒေသခံတစ်ဦးမှာ ဘယ်လက်မောင်းနှင့် ခြေထောက်တို့ကို ထိမှန်ဒဏ်ရာရခဲ့ကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ပြောသည်။ 

ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များသည် ဇွန်လ(၁၀)ရက်မှ ဇွန်လ(၁၄)ရက်နေ့အထိ မီးရှို့နေပြီး ဇွန်လ(၁၀)ရက်နေ့တွင် ထန်းတောအမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ကို (၂)ကြိမ်၊ သိမ်တော်ရပ်ကွက်နှင့် ရွာရှည်ရပ်ကွက်ကို (၃)ကြိမ်၊ ယနေ့ဇွန်လ(၁၄) ရက်နေ့တွင် နှင်းတောရပ်ကွက်ကို ထပ်မံမီးရှို့နေသည်ဟု သိရကာ ဖမ်းဆီးခံရသူများလည်း ရှိသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဇွန်လ(၉)ရက်နေ့က တိုက် ခိုက်ခံရသည့် ညောင်ပင်ကြီးရဲစခန်းကို တရုတ်ပိုင် ဝမ်ပေါင်မြန်မာယန်စီကုမ္မဏီတို့၏ အကူညီဖြင့် ပြန်လည်တည်ဆောက်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့က ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာရဲစခန်းအား ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်သား (၁၂)ဦးသေဆုံးပြီး  MA-13 (၂)လက်၊ G-3 (BA-63) (၄)လက်၊ Shotgun (၁)လက်၊ 7.62 ကျည် (၂၀၄၀)တောင့်၊ 5.56 ကျည် (၅၀)တောင့်၊ 9MMကျည် (၅၀၀)တောင့်၊ M-79/40 MM ဗုံးသီး (၂၉)လုံး၊ နာနတ်သီးလက်ပစ်ဗုံး (၁၃)လုံး၊ ငွေ(၁၁၄)သိန်းကျပ်ကို သိမ်းဆည်းရရှိခဲ့ကာ  ပြည်သူ့ကာကွယ်ရေးတက်မှ ရဲဘော်(၁) ဦးကျဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့သည်ဟု သိရသည်။

#TachileikNewsAgency