တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးခံရသူများကို ဖုန်းဆက်ပြီး ငွေလိမ်တောင်းသည့် ဖြစ်စဉ်များ ပေါ်ပေါက် 

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးခံရသူများကို ဖုန်းဆက်ပြီး ငွေလိမ်တောင်းသည့် ဖြစ်စဉ်များ ပေါ်ပေါက် 

 ဆိုင်ကယ်ခိုးမှုများ နေ့စဉ် ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးခံရသူများထံကနေ ငွေကြေးလိမ်လည်တောင်းခံသည့် တပူပေါ် နှစ်ပူဆင့်သည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း ကြားသိရသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးခံရပါက Facebook စာမျက်နှာများပေါ်တွင် ဆိုင်ကယ်ပိုင်ရှင်များက ဆိုင်ကယ်ပုံနှင့်အတူ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ ဖော်ပြပြီး အကူအညီတောင်းခံသည့် ပိုစ့်များကို ဖော်ပြလေ့ရှိကြရာ ငွေကြေးလိမ်လည်တောင်းခံသူများက ရဲလက်ထဲကနေ ဆိုင်ကယ်ပြန်ရွေးရန်အတွက်ဟုဆိုကာ ဖုန်းဆက်ပြီး ငွေလိမ်လည်တောင်းခံမှုများမှာ ဟိုးယခင်ကနေ ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၉)ရက်နေ့အထိ ဖြစ်ပွားနေလျှက်ရှိကြောင်း သိရသည်။



"တာချီလိတ်မှာ ပျောက်သွားတဲ့ ဆိုင်ကယ်ကို ရန်ကုန်မှာ တွေ့တယ်ဆိုပြီး ဒီမနက် ဖုန်းဆက်လာတယ်ဗျ။ အဲ့ဒါသူက ရဲတွေလက်ထဲကနေ ပြန်ရွေးထုတ်ဖို့ ကျပ်ငွေ (၁)သိန်းလိုတယ်လို့ ပြောပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်မယုံလို့ အစ်ကို ခဏစိုက်ပေးပါလားလို့ ပြောလိုက်တော့ သူတို့မှာက ငွေ(၆၀,၀၀၀)လောက်ဲပ လက်ထဲပါတယ်။ အဲ့ဒါ စိုက်ပေးဆိုရင် လိုတဲ့ ကျပ်(၄၀,၀၀၀) တောင်းပါတယ်။ နောက်ပြီး သူပြောတဲ့ လိပ်စာအတိုင်း အသိကို မေးတော့လည်း တကယ်ရှိမနေဘူး။ နေရာအတိအကျလည်း မပြောနိုင်ဘူး။ ရန်ကုန်က အသိကို လာတွေ့ခိုင်းမယ်ဆိုတော့လည်း မရဘူး။ သူက ပိုက်ဆံလွှဲပေးဖို့ပဲ ပြောနေတာ။"ဟု ယခုနှစ် ဧပြီလအတွင်းက  တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးခံရသူက Tachileik News Agency သို့   ပြောပြသည်။

"တခြားသူတွေလည်း ကျွန်တော်လို ဆိုင်ကယ်ခိုးခံရတာပဲ။ သူတို့လည်း အခုလို လာလိမ်ရင် အလိမ်မခံရအောင် ဂရုစိုက်ဖို့ သတိပေးချင်ပါတယ်။ ပြီးရင် ရဲတွေကိုလည်း တစ်ဖက်တည်းမကြည့်ကြပါနဲ့လို့ ကျွန်တော်တို့လည်း ပိုက်ဆံကို တွင်းထဲကနေ ရနေတာမဟုတ်ဘူးလို့ သူခိုး ဓါးပြတွေကို ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်လို့ ပြောချင်ပါတယ်"ဟု ၎င်းက ထပ်လောင်းပြောကြားသည်။



အလားတူ လိမ်လည်မှုများ ၂၀၁၉၊ ၂၀၂၀ ကာလတုန်းကလည်းရှိခဲ့သလို ၂၀၂၂ခုနှစ်တုန်းကလည်း ကျိုင်းတုံက ဖုန်းလှမ်းဆက်၍ ငွေလိမ်မှုများနှင့် တာချီလိတ်မြို့တွင်းကပင် ငွေလိမ်မှုများလည်း ရှိခဲ့သေးသည်။



"ကျွန်တော့် ဆိုင်ကယ်ပျောက်သွားတုန်းကလည်း လူတစ်ယောက်က ဖုန်းဆက်လာပြီးတော့ ဆိုင်ကယ်ကို ကျိုင်းတုံ ရဲစခန်းမှာတွေ့တယ်။ နယ်ထိန်းခေါင်းဆောင်နားကနေ ပြန်ရွေးဖို့ ကျပ်(၁)သိန်းခွဲလိုတယ်။ Wave Money ကနေ ခုချက်ချင်း လွှဲလာပေးရင် ဆိုင်ကယ်ကို ချက်ချင်းသွားယူထားပေးမယ် ဆိုပြီး ပြောတာ။ ကျွန်တော်ကလည်း ကျိုင်းတုံဈေးနားမှာ အသိရှိတယ် အစ်ကိုရှိတဲ့နေရာပြောပေးပါ။ ကျွန်တော် ငွေလာပို့ခိုင်းမယ်လို့ ပြောတော့ သူက  နယ်ထိန်းခေါင်းဆောင်က စိတ်ပြောင်းသွားရင် ဆိုင်ကယ်ပြန်မရဘဲနေမယ် အချိန်ဆွဲလို့မရဘူး လာမပေးခိုင်းနဲ့ အခုလွှဲလာပေးပါဆိုပြီး အတင်းပြောတာ။ အဲ့ဒါနဲ့ မယုံရလို့ ဖုန်းခဏ ပိတ်ထားလိုက်ရတယ်"ဟု ၂၀၂၂ ခုနှစ်တုန်းက ဆိုင်ကယ်ခိုးခံရပြီး ငွေလိမ်ခံရလုနီးပါး ကြုံခဲ့ရသည့် ကိုချစ်ဦးမောင်က ပြောသည်။

ဆိုင်ကယ်ခိုးခံရ၍ အခက်အခဲများဖြစ်ပေါ်နေသည်ကြားက ထပ်မံပြီး လိမ်လည်သည့် ဖြစ်စဉ်များမှာ တာချီလိတ်တွင် ယခင်ကတည်းက ရှိနေပြီး ယခုလို လိမ်လည်တောင်းခံသည်များကိုလည်း လိမ်လည်မှန်း ရိပ်မိသူများပြားလာသည်။



တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးခံရမှုများမှာ နေ့စဉ် နေ့ရောညပါ ဖြစ်ပွားနေသည့်အတွက် ဒေသခံများအနေဖြင့် ရဲတပ်ဖွဲ့ထံ သွားရောက် တိုင်ကြားသော်လည်း ထူးခြားမှုမရှိသလို ဆိုင်ကယ်များ ခိုးခံရမြဲသာ ခိုးခံနေရ၍  ဆိုင်ကယ်များ ပြန်ရရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ စုံစမ်းနေကြရကြောင်း ဆိုင်ကယ်ခိုးခံရသူများက ဆိုသည်။