မင်းကင်းမြို့တွင် အမြန်ရေယာဉ်ကို ချောဆွဲလာသည့် စစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်များတိုက်ခိုက်၊ ရေယာဉ်များကို စစ်အုပ်စုက ချောဆွဲနေ၍ သွားလာခြင်းမပြုလုပ်ရန် မင်းကင်း PDF က မေတ္တာရပ်ခံ

မင်းကင်းမြို့တွင် အမြန်ရေယာဉ်ကို ချောဆွဲလာသည့် စစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်များတိုက်ခိုက်၊ ရေယာဉ်များကို စစ်အုပ်စုက ချောဆွဲနေ၍ သွားလာခြင်းမပြုလုပ်ရန် မင်းကင်း PDF က မေတ္တာရပ်ခံ
ဖေဖော်ဝါရီ 19, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အတွင်း မင်းကင်းမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း မြစ်ရိုးအောက်ဖက်သို့ အမြန်ရေယာဉ်ဖြင့် စုန်ဆင်းလာသည့် အာဏာသိမ်းစစ်အုပ်စု၏ တပ်ဖွဲ့ကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့က စတင်ကာ ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း မင်းကင်း PDF က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ(၁၈)ရက်နေ့က အင်အား (၇၀)ဝန်းကျင်ပါ စစ်အုပ်စုနှင့် ပျူစောထီးစစ်ကြောင်းသည် အမြန်ရေယာဉ်များအား ချောဆွဲ၍ စုန်ဆင်းလာပြီး ပုထိုးလုံးရွာတွင် တပ်စွဲခဲ့ကြောင်း သိရသည်။

၎င်းတို့ တပ်စွဲရာနေရာကို ကလေးခရိုင်အမှတ်-၁၁ တပ်ရင်းမှ M79 (၁)လုံး၊ ၆၀ မမ (၇)လုံး၊ စနိုက်ပါ၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူရှိသည်ဟု သိရသည်။

ယနေ့ ဖေဖော်ဝါရီလ(၁၉)ရက်နေ့၏ နံနက်ပိုင်းကလည်း ကလေးခရိုင်အမှတ်-၁၁ တပ်ရင်းမှ ၆၀ မမ (၂)လုံးဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်သဖြင့် ဒေသခံများ သတိပြုသွားလာရန်နှင့် အမြန်ရေယာဉ်များအား လုယူ ချောဆွဲမှုများ ပြုလုပ်နေသဖြင့် ရေယာဉ်များ မင်းကင်းမှ မြစ်ရိုးအောက်ဖက်သို့ အစုန်အဆန် မပြုလုပ်သေးရန်လည်း သတိပေးထားသည်။