တာချီလိတ် နှင့် မယ်ဆိုင်အကြား ချစ်ကြည်ရေး အမှတ်(၁)တံတား ဖွင့်လှစ်ရေး ဒေသခံများကို အိပ်မက်ပေးသလို ဖြစ်နေ

တာချီလိတ် နှင့် မယ်ဆိုင်အကြား ချစ်ကြည်ရေး အမှတ်(၁)တံတား ဖွင့်လှစ်ရေး ဒေသခံများကို အိပ်မက်ပေးသလို ဖြစ်နေ
ဇန်နဝါရီ 22, 2023 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၂၂)ရက်နေ့တွင် ဖွင့်လှစ်မည်ဟု ထိုင်းဘက် မီဒီယာများနှင့် အချို့နေရာများတွင် သတင်းများထွက်ပေါ်နေသော်လည်း ယနေ့ ဇန်နဝါရီလ(၂၂)ရက်နေ့ အချိန်အထိ အဆိုပါ တံတားကို ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

အဆိုပါ တံတားကို ဖွင့်လှစ်ရန်အတွက် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက် အုပ်ချုပ်ရေးနှင့်ဌာနဆိုင်ရာများအနေဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း မြန်မာဘက်ကမှု တံတား(၁) ဖွင့်လှစ်ရမည့် သတ်မှတ်ရက်ကို ယနေ့ ဇန်နဝါရီလ(၂၂)ရက်နေ့အထိ အထက်က ညွှန်ကြားထားခြင်း မရှိသေးဟု သိရသည်။

"ဘယ်နေ့ ဖွင့်ပါဆိုပြီး ညွှန်ကြားထားတာမရှိသေးတော့ ဖွင့်လို့မရသေးဘူး။ မြဝတီဘက်တောင် ကြိုပြီး ညွှန်ကြားတာမဟုတ်ဘူး နီးကပ်မှ ညွှန်ကြားလာတာမျိုးဆိုတော့ ဒီဘက်လည်း အထက်က  ဖွင့်မဲ့ရက်ကို နီးကပ်လာမှ ညွှန်ကြားလာနိုင်တာကြောင့် သက်ဆိုင်ရာဌာနတွေအနေနဲ့ကတော့ တံတား(၁)မှာ ပြင်ဆင်ထားတယ်။ ညွှန်ကြားလာတာနဲ့ ဖွင့်ဖို့ပေါ့။"ဟု အမည်မဖော်လိုသည့် ဌာနဆိုင်ရာဘက်မှ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တကယ်တမ်းတွင်မူ အဆိုပါ တံတားဖွင့်လှစ်ရန်မှာ ဒေသခံပြည်သူများ၏ လိုအပ်အတိုင်း အထက်သို့ အကြံပြု အစီရင်ခံတင်ပြရန်မှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးအပိုင်းက အဓိက တာဝန်ဖြစ်ပြီး အောက်ခြေက တင်ပြလာသည့်အခြေအနေများကို သုံးသပ်ပြီး အထက်ဌာနက ဖွင့်လှစ်ရန် အမြန်ဆုံးသတ်မှတ်ပေးနိုင်ချေရှိသည်ဟုလည်း ဆိုသည်။

တာချီလိတ်မြို့နေ ပြည်သူများ၏ အဓိက မှီခိုအားထားရာမှာ အဆိုပါ တံတားဖွင့်လှစ်ရေးက ရာနှုန်းပြည့်ဖြစ်ပြီး တံတားဖွင့်လှစ်မှသာ အလုပ်အကိုင်၊ ကျန်းမာရေးနှင့်ပညာရေးတို့အတွက်လည်း အထောက်အကူ ဖြစ်စေမည်ဟု သိရသည်။

   ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့က တံတားနှင့်သက်ဆိုင် တာဝန်ရှိသူများက ပြင်ဆင်မှုများ ပြုလုပ်ထားနေပုံ

တာချီလိတ် - မယ်ဆိုင် တံတား(၁)ကို ဖွင့်လှစ်ရန် ညွှန်ကြားလာပါက အဆင်သင့်ဖြစ်နေရန်အတွက်   ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့က တံတားနှင့်သက်ဆိုင်သည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သည့် ထွေအုပ်၊ အကောက်ခွန်၊ ကညန၊ လဝက၊ စည်ပင်၊ ဟိုတယ်ခရီး၊ ကုန်သွယ်ရေးနှင့် ရဲတပ်ဖွဲ့ တို့မှ တာဝန်ရှိသူများက ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။ 

လက်ရှိ အခြေအနေများအရ ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ရွေ့ပြောင်းလို့ရနိုင်သည့်  လုံခြုံရေးစစ်ဆေးစက်ဖြစ်သည့် ကျပ်သိန်း(၃၀၀)ဝန်းကျင်ရှိ Portable X rays ထားရှိရန် ပြီးခဲ့သည့် ဇန်နဝါရီလ(၂၀)ရက်နေ့က စစ်ကောင်စီ၏ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်အတွင်း၌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တင်ပြ တောင်းခံထားသည်ဟုလည်း သိရသည်။

Portable X rays အတွက် တင်ပြ တောင်းခံစဉ်

တာချီလိတ် နှင့် မယ်ဆိုင်အကြား တနိုင်တပိုင်ကုန်ပစ္စည်းများနှင့် လူသွားလူလာအတွက် အဓိက အသုံးပြုနေသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကို  ၂၀၂၀ခုနှစ် မတ်လ(၂၂)ရက်နေ့ ည(၈)နာရီခွဲအချိန်က စပြီး ထိုင်းဘက်က Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက်ဟုဆိုကာ ပိတ်လိုက်ရာ ယနေ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့အထိ ရက်နေ့အထိ (၃)နှစ်နီးပါးဝန်းကျင်အထိ ပိတ်ထားဆဲဖြစ်သည်။

 

ယင်းကဲ့သို့ ပိတ်ထားသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားများအနက် မြဝတီ နှင့် မဲဆောက်အကြားရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့က စပြီး ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်ရာ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးအမှတ်(၁)တံတား ဖွင့်လှစ်ရန် ကျန်ရှိနေခြင်း ဖြစ်သည်။ 

ပုံအညွှန်း - တာချီလိတ်ဘက် တံတား(၁)ပေါ် ၁၆.၁.၂၀၂၃နေ့က ပြင်ဆင်နေမှု နှင့် မယ်ဆိုင်ဘက် တံတား(၁)ထိပ် ဇန်နဝါရီလ(၂၂)ရက်နေ့ မြင်ကွင်း

#TachileikNewsAgency