အာဏာသိမ်းထားသည့် (၁)နှစ်ခွဲကျော်အကြာတွင်  အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်ထောင်စုဝန်ကြီးနေရာများကို ထုတ်ပယ် ပြောင်းရွှေ့မှုများ ပြုလုပ်

အာဏာသိမ်းထားသည့် (၁)နှစ်ခွဲကျော်အကြာတွင်  အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်ထောင်စုဝန်ကြီးနေရာများကို ထုတ်ပယ် ပြောင်းရွှေ့မှုများ ပြုလုပ်
သြဂုတ် 20, 2022 | နိုင်ငံရေး

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်က အာဏာသိမ်းထားသည့် (၁)နှစ်ခွဲကျော် အကြာတွင် ၎င်း၏ လက်အောက်ခံ ဝန်ကြီးဌာနများ၏ ဝန်ကြီးများကို လိုသလို ပြောင်းရွှေ့မှုနှင့်အတူ ထုတ်ပယ်မှုအထိပါ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့က လုပ်ဆောင်လိုက်သည့် အမည်စာရင်းများ ထုတ်ပြန်ကြေညာလာသည်။

ထုတ်ပြန်လိုက်သည့် ပြည်ထောင်စုအဆင့်ဝန်ကြီးများမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ဝန်းကြီးဌာန(၁) ဝန်ကြီး ဦးချစ်နိုင်(စာရေးဆရာ)နှင့် လဝက ဝန်ကြီး ဦးခင်ရီ အပြင် ဗဟိုဘဏ်၏ ဥက္ကဌ နှင့် ဒုဥက္ကဌတို့ကို ထုတ်ပယ်လိုက်သလို ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုလည်း ထုတ်ပယ်လိုက်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်သည် ဦးသိန်းစိန်လက်ထက်တုန်းက လဝကဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဦးခင်ရီကို ၎င်းအာဏာသိမ်းချိန်တွင် လဝက ဝန်ကြီးတာဝန်ကို ပြန်ပေးပြီး နောက် ယခုအခါတွင် ပြန်လည် ထုတ်ပယ်လိုက်ခြင်းလည်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် စိတ်တိုင်းကျ ခန့်ထားသည့် အဂတိတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးတင်ဦးကိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ပြောင်းရွှေ့လိုက်ပြီး ၎င်း၏ နေရာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးသန်းဆွေကို ပြောင်းရွှေ့ခန့်ထားလိုက်သည်။

တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့များတွင်လည်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်ကို ထုတ်ပယ်လိုက်ပြီး ၎င်း၏ နေရာတွင် ဒေါက်တာဝုန်ဆွန်းထန်ကို ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်လိုက်သည်။

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများဖြစ်သည့် ဗိုလ်မှူးကြီးအဆင့်ရှိသူများကိုလည်း အခြား ဗိုလ်မှူးကြီးများဖြင့် အစားထိုးခန့်အပ်လိုက်သည်ကိုလည်း ကြေညာချက်များတွင် တွေ့ရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်း၏ လက်အောက်ခံ ဝန်ကြီးများကို ပြောင်းရွှေ့ထုတ်ပယ်မှုများ ပြုလုပ်သော်လည်း ၎င်း၏ နေရာကိုတော့ ဖက်တွယ်ထားဆဲဖြစ်သည်။

#TachileikNewsAgency