မန္တလေးတွင် ဖမ်းဆီးခံထားရသည့် ဒေါက်တာအောင်အောင်ထွန်းနှင့်မိသားစုပိုင် သူရိယဆေးခန်းကို စစ်ကောင်စီတပ်နှင့်အဖွဲ့က ချိတ်ပိတ်

မန္တလေးတွင် ဖမ်းဆီးခံထားရသည့် ဒေါက်တာအောင်အောင်ထွန်းနှင့်မိသားစုပိုင် သူရိယဆေးခန်းကို စစ်ကောင်စီတပ်နှင့်အဖွဲ့က ချိတ်ပိတ်
ဧပြီ 29, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်း ခံထားရသူ ဒေါက်တာအောင်အောင်ထွန်းနှင့်မိသားစုပိုင် သူရိယဆေးခန်းကို  ယမန်နေ့ညနေပိုင်းက လာရောက်ချိတ်ပိတ်သွားကြောင်း သိရသည်။

ဧပြီလ(၂၈)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်တွင်  အာဏာသိမ်းစစ်ကောင်စီတပ် နှင့် အဖွဲ့က မဟာအောင်မြေမြို့နယ်ရှိ သူရိယဆေးခန်းကို ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများထံက သိရသည်။

သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းနှင့် မိသားစုကို  CDM ဆရာဝန်များအား လက်ခံဆေးကုသခိုင်းပြီး PDF များကိုပါ ဆေးကုသပေးသည်ဟုဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားပြီး (၃)ရက်ကြာသည် အထိ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း နီးစပ်သူများထံက သိရသည်။



" အရမ်း စိုးရိမ်နေပါတယ်။ ဖမ်းတဲ့ အချိန်တုန်းကလည်း အိမ်မှာတင် ရိုက်နှက်နေသံတွေ ကြားနေရတယ်။ အခုထိလည်း အဆက်အသွယ်မရသေးဘူး "ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်း နှင့် ၎င်း၏ ဖခင်နှင့်အစ်မအပြင် ဒေါက်တာဝင်းရွှေရည်တို့ကို ဧပြီလ(၂၆)ရက်နေ့ နေ့လည်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။