မန္တလေးခရိုင် NLD ပါတီ ဒုဥက္ကဌ၏ ဇနီးကို စစ်ကောင်စီတပ်က ရိုက်နှက် ဖမ်းဆီးသွားပြီးနောက် အလောင်းကို လမ်းတွင် လာရောက် စွန့်ပစ်

မန္တလေးခရိုင် NLD ပါတီ ဒုဥက္ကဌ၏ ဇနီးကို စစ်ကောင်စီတပ်က ရိုက်နှက် ဖမ်းဆီးသွားပြီးနောက် အလောင်းကို လမ်းတွင် လာရောက် စွန့်ပစ်
ဧပြီ 21, 2022 | အခြားဒေသများ

မန္တလေးခရိုင် NLD ပါတီ ဒုဥက္ကဌ၏ ဇနီးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် အလောင်းကို လမ်းတွင် လာရောက် ပစ်ထား

* * * * 

မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဒု-ဥက္ကဌ ဦးကိုကိုလေး၏ ဇနီးဖြစ်သူ ဒေါ်စိုးစိုးကို အာဏာသိမ်းစစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် တစ်ပတ်ခန့်အကြာတွင် အလောင်းကို လာရောက် စွန့်ပစ်သွားကြောင်း နီးစပ်သူများထံက သိရသည်။

ဦးကိုကိုလေးအား လာရောက်ဖမ်းဆီးသည့် အာဏာသိမ်းစစ်တပ်သည် ၎င်းကို မတွေ့တာကြောင့် ဇနီးဖြစ်သူ ဒေါ်စိုးစိုးအား ဧပြီ(၁၂)ရက်နေ့တွင်  ဓားစာခံအဖြစ် ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် ဧပြီလ(၁၈)ရက်နေ့က မန္တလေးမြို့လယ် (၃၅)လမ်းရှိ ဂေါ်ရာကွင်းအနီးတွင် အလောင်းကို စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။

"ဖမ်းတဲ့ အချိန်မှာထဲက နှိပ်စက်၊ ရိုက်နှက် ဖမ်းသွားတာ။ အမျိုးသမီး တစ်ယောက်ကို ရစရာမရှိအောင် နှိပ်စက်ပြီး အလောင်းလာပစ်သွားတယ်"ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဦးကိုကိုလေးအား စစ်တပ်က ပုဒ်မ ၅၀၅ နှင့် အမှုဖွင့်ထားသော်လည်း ဇနီးဖြစ်သူ ဒေါ်စိုးစိုးကိုတော့ ဖမ်းဆီးချိန်အထိ မည်သည့်ပုဒ်မနှင့်မျှ တရားစွဲဆိုထားခြင်းမရှိဘဲ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးချိန်တွင်လည်း ဦးကိုကိုလေး နေထိုင်သည့် နေရာကို မေးမြန်းကာ ရိုက်နှက်ခြင်း၊ ပေါင်ကိုဓားဖြင့် မွှန်းခြင်းများပြုလုပ်သွားသေးကြောင်း သိရသည်။