ကသာမြို့နယ်အတွင်း စစ်အုပ်စု၏ ထုတ်ကုန်များကို ရောင်းဝယ်ခြင်း မပြုလုပ်ရန်နှင့် တရားမဝင် သယံဇာတများ မတူးဖော်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး

ကသာမြို့နယ်အတွင်း စစ်အုပ်စု၏ ထုတ်ကုန်များကို ရောင်းဝယ်ခြင်း မပြုလုပ်ရန်နှင့် တရားမဝင် သယံဇာတများ မတူးဖော်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး
ဖေဖော်ဝါရီ 27, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း စစ်ကောင်စီနှင့်ပတ်သက်သော ထုတ်ကုန်များဝယ်ယူ၊ ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် တရားမဝင် ရွှေ၊ သတ္တုနှင့် သယံဇာတများ တူးဖော်လုပ်ကိုင်ခြင်း မပြုလုပ်ကြရန် ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဖေဖော်ဝါရီလ(၂၇)ရက်တွင် သတိပေးထုတ်ပြန်သည်။

ကသာမြို့နယ်အတွင်းရှိ ပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်လုပ်ငန်းများ လည်ပတ်နိုင်ခြင်း မရှိစေရန် ယင်းသို့ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် ကသာမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း မပြုလုပ်ကြရန်၊ ကြက်ဝိုင်းအပြင် မည်သည့်လောင်းကစားဝိုင်းမျှ မပြုလုပ်ကြရန်၊ တရား မဝင်သစ်ခုတ်ခြင်း၊ သစ်ခွဲခြင်း၊ သစ်စက်လည်ခြင်း၊ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန်၊ နိုင်ငံတော်ပိုင် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ဧရိယာ အတွင်း တရားမဝင် နှစ်ရှည်ပင်များ မစိုက်ပျိုးကြရန်တို့လည်း ပါဝင်သည်။

အဆိုပါ စည်းကမ်းချက်များကို မလိုက်နာပါက အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွန်ချက်နှင့်အညီ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။