ဒီးမော့ဆိုတွင် (၇)ရက်မြောက် တိုက်ပွဲ ဆက်လက်ပြင်းထန်၊ မိုးဗြဲတွင် လက်နက်ကြီးကြောင့် ပြည်သူ(၂)ဦး ဒဏ်ရာရ

Photo: PDF Pekhon, ဒီးမော့ဆို PDF
Photo: PDF Pekhon, ဒီးမော့ဆို PDF
ဒီးမော့ဆိုတွင် (၇)ရက်မြောက် တိုက်ပွဲ ဆက်လက်ပြင်းထန်၊ မိုးဗြဲတွင် လက်နက်ကြီးကြောင့် ပြည်သူ(၂)ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ 23, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင် (၇)ရက်မြောက် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လျှက်ရှိကြောင်း ဒီမော့ဆို PDF က ယနေ့ဖေဖော်ဝါရီလ(၂၃)ရက်တွင် သတင်းထုတ်ပြန်လာသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ မိုးဗြဲအခြေစိုက် ခမရ-၄၂၂ တပ်၊ လွိုင်ကော်အခြေစိုက် ခလရ-၂၅၀တပ်တို့နှင့် ဒီးမော့ဆိုအခြေစိုက် ခမရ-၄၂၇ တပ်တို့က တာဝေးပစ်အမြောက်များအသုံးပြုကာ ပစ်ခတ်‌နေခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂၂)ရက်ကလည်း ဒီးမော့ဆိုမြို့နယ်၊ လီဝိုးကျေးရွာအနီးနှင့် ဝီသဲကူးကျေးရွာသို့ အင်းအားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF၊ လွိုင်ကော် PDF၊ KNDF၊ KA နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ရသည်။

တနေကုန်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေ(၃)နာရီအချိန်တွင် ရဟတ်ယာဉ်(၁)စီးဖြင့် (၅)ကြိမ်လာရောက်ပစ်ခတ်ခဲ့ပြီး  ညနေ (၄)နာရီတွင် တိုက်‌လေယာဉ်(၂)စီးဖြင့် (၇)ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်က(၁၀)ဦးထက် မနည်းသေပြီး ဒဏ်ရာရရှိမှုများလည်းရှိကာ ဒီးမော့ဆို PDF ဘက်မှ ဘေးကင်းခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်(၈)နာရီ ဝန်းကျင်တွင်လည်း မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၄၂၂)တပ်က ဖယ်ခုံမြို့နယ်ရှိ ကဖုရွာကို လက်နက်ကြီးဖြင့်ကစ်ခတ်ခဲ့သဖြင့် ကဖုရွာနေ အသက်(၇၂)နှစ်ရှိ ဦးအန်းဂျေလိုနှင့် အသက်(၁၄)နှစ်ရှိ မကယ်ရိုမင်းတို့ ထိခိုက်ဒဏ်ရာရခဲ့သည်။