ဟိုပုံးမြို့တွင် ကရင်နီစစ်ဘေးရှောင်များကို ဧည့်စာရင်းတိုင်ရန် အာဏာသိမ်းအဖွဲ့၏ အုပ်ချုပ်ရေးက တင်းကြပ်

ဟိုပုံးမြို့တွင် ကရင်နီစစ်ဘေးရှောင်များကို ဧည့်စာရင်းတိုင်ရန် အာဏာသိမ်းအဖွဲ့၏ အုပ်ချုပ်ရေးက တင်းကြပ်
ဇန်နဝါရီ 12, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့တွင် ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်များအား  လက်ခံထားသူများကို ဧည့်စာရင်းတိုင်ရန်နှင့် ကိုဗစ်စစ်ဆေးရန် အာဏာသိမ်းအဖွဲ့၏ အုပ်ချုပ်ရေးဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် လိုက်လံကြေညာနေကြောင်း သိရသည်။

နေ့လယ်က ထွေအုပ်က လိုက်အော်တာ။ စစ်ရှောင်တွေကို လက်ခံထားသူတွေ ဧည့်စာရင်းတိုင်ကြဖို့ လိုက်အော်တာ။ အဲဒါ အုပ်ကြီးတွေကလည်း လိုက်ပြောတယ်။ အုပ်ကြီးတစ်ယောက်ကဆို စစ်ဘေးရှောင်တွေကို အိမ်မှာ လက်မခံဖို့ကို ပြောတာ။  ပြီးတော့ အိမ်ငှားနေသူတွေကို ဆေးရုံသွားပြီး ကိုဗစ်စစ်ခိုင်းတယ်။ အခုစစ်ရှောင်တွေက မစစ်ရင်လည်း မနေရမှာစိုးလို့ စစ်နေရတယ်။ စစ်ဖြစ်လို့ ပြေးလာပါတယ်ဆို ဒီမှာ ရဲခွေးတွေ အုပ်ကြီးတွေက  အတင်းအကြပ်တွေ ဖြဲခြောက်နေကြတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းအဖွဲ့၏ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးတို့ပါသည့် အဖွဲ့များက ရပ်ကွက်များတွင်း လိုက်လံပြောကြားရာ စစ်ဘေးရှောင်လာနေသူများမှာ နှင်ထုတ်ခံရမည်စိုး၍ ထိတ်လန့်နေကြသည်ဟု သိရသည်။

ဟိုပုံးသို့ရောက်လာသည့် စစ်ရှောင်အချို့မှာ အိမ်ငှားနေထိုင်ကြပြီး အချို့မှာ ဆွေမျိုးများထံ လာရောက်နေထိုင်သူများဖြစ်ကြကြောင်း သိရသည်။  

အာဏာသိမ်းစစ်တပ်သည် လွိုင်ကော်မြို့ကို လေကြောင်းမှ တိုက်ခိုက်နေပြီး ယနေ့တွင် လေကြောင်းမှ (၉)ကြိမ်တိတိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။