မကွေးတိုင်းတွင် အာဏာသိမ်းအဖွဲ့က ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသော်လည်း ဒေသခံများ စိတ်ဝင်စားမှု မရှိ

မကွေးတိုင်းတွင် အာဏာသိမ်းအဖွဲ့က ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသော်လည်း ဒေသခံများ စိတ်ဝင်စားမှု မရှိ
ဒီဇင်ဘာ 30, 2021 | အခြားဒေသများ

အာဏာသိမ်းအဖွဲ့က မကွေးတိုင်းအတွင်း  ပြည်သူ့စစ်အဖွဲ့များ ဖွဲစည်းရေး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် နောက်ဆုံးထား၍ တင်ပြရန် ညွန်ကြားထားသော်လည်း အဖွဲ့ဝင်မည့်သူ မရှိဖြစ်နေကြောင်း သိရသည်။

ဝင်မယ့်လူကို မရှိဘူး။ အရင်က ပျူစောထီးဆိုပြီးလုပ်တာ။ နေ့စားသမားတွေ၊ အလုပ်ကြမ်းသမားတွေကို ပိုက်ဆံပေး၊ အရက်တိုက်ပြီး စစ်သင်တန်းပေးတာ။

ဟု ဒေသခံတစ်ဦး Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းအဖွဲ့က မကွေးတိုင်းရှိ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် မြို့နယ်အလိုက် ရပ်ကွက်၊ ကျေးရွာ ပြည်သူ့စစ်(ပျူစောထီးအဖွဲ)များ အင်အား(၂၀)စီဖြင့် စည်းရုံးဖွဲ့စည်းရန်  ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားချက်တွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲနှင့် စစ်မှုထမ်းဟောင်းများအဖွဲမှပူးပေါင်း၍ တာဝန်ပေးအပ်မည့်သူများအား ပြစ်မှုရှိ၊ မရှိသေချာစိစစ်ရန်၊ ယုံကြည်စိတ်ချအဆင့်ကို (က၊ခ၊ဂ)သတ်မှတ်ပြီး တစ်ဖွဲ့လျှင် အယောက်(၂၀)မှ အယောက်(၃၀)သတ်မှတ်ကာ ယနေ့ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ပြန်လည်တင်ပြရန် ညွှန်ကြားထားသည်ကို တွေ့ရသည်။

မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ပွဲဖော်ဆောင်ရန် ကြေညာချက်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက  ပြည်သူ့စစ်အဖွဲ့များ ဖွဲစည်းနိုင်ရေး စုစည်းနေခြင်းဖြစ်သည်။

ယင်းအပြင် အာဏာသိမ်းအဖွဲ့က မကွေးတိုင်းရှိ မြို့နယ်များတွင် လူ(၅)ယောက်ထက်ပို၍ စုဝေး၊ လမ်းလျှောက်ခြင်း မပြုလုပ်ရန်နှင့် ည(၈)နာရီမှ မနက်(၄)နာရီအတွင်း  ညမထွက်ရအမိန့်ကို ထုတ်ပြန်ကြောင်း လိုက်လံပြောဆိုနေကြောင်းလည်း သိရသည်။