ရွာငံမြို့နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့ (၄)ဖွဲ့က စကစ လက်အောက်ခံ ကော်ဖီစက်ရုံကို စီးနင်းတိုက်ခိုက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ရှင်းလင်း

ရွာငံမြို့နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့ (၄)ဖွဲ့က စကစ လက်အောက်ခံ ကော်ဖီစက်ရုံကို စီးနင်းတိုက်ခိုက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ရှင်းလင်း
ဒီဇင်ဘာ 24, 2021 | ရှမ်းတောင်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ သမဝါယမ ကော်ဖီစက်ရုံအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ကော်ဖီရောင်းဝယ်ရေးနှင့် ကျေးရွာတွင် အုပ်ချုပ်ရေးမှူးဖြစ်သူအား ရှင်းလင်းခဲ့ကြောင်း ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ သမဝါယမ ကော်ဖီစက်ရုံအား ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၂)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့်  ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ YUG တပ်ခွဲ (၁)၊ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF တပ်ခွဲ(၂)၊ အေးသာမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ATY PDF တပ်ခွဲ (၁) နှင့် ရွှေညောင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းပြီး   စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကော်ဖီရောင်းဝယ်ရေးတွင်လည်း  အုပ်ချုပ်သူလည်းဖြစ်သလို နွားဘန်းကြီးကျေးရွာ၏ အုပ်ချုပ်ရေးမှူးလည်းဖြစ်သည့် မျိုးလေးဆိုသူသည် ဝင်ရောက်စီးနင်းချိန်တွင် ပစ္စတိုသေနတ်ကိုင်ဆောင်ထားကြောင်းနှင့် ၎င်းအား  ရှင်းလင်းခဲ့ပြီး ယင်းသို့ လုပ်ဆောင်မှုအတွင်း ကော်ဖီစက်ရုံအတွင်းရှိ ပြည်သူများ ထိခိုက်မှု လုံးဝ မရှိကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ဒေသကာကွယ်ရေးများက ပြည်သူများအနေဖြင့် ဘေးကင်းရေးအတွက် အာဏာသိမ်းစစ်တပ် အပါအဝင် စစ်ကောင်စီ လက်အောက်ခံ ဌာနနှင့်လူများ အနီးတွင် မနေကြရန် လည်း အသိပေးထားရှိသည်။

#TachileikNewsAgency