မိုင်းဆတ် - တာချီလိတ်သွားကားလမ်း လွယ်ဆမ်ဆုန် တောင်ထိပ်တွင် ကျပ်သိန်းပေါင်း(၁၂၀၀)ဝန်းကျင် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မိုင်းဆတ် - တာချီလိတ်သွားကားလမ်း လွယ်ဆမ်ဆုန် တောင်ထိပ်တွင် ကျပ်သိန်းပေါင်း(၁၂၀၀)ဝန်းကျင် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ် - တာချီလိတ်သွားကားလမ်း မိုင်းဆတ်မြို့နယ်အတွင်း လွယ်ဆမ်ဆုန် တောင်ထိပ်တွင် ကျပ်သိန်းပေါင်း (၁၂၀၀)ဝန်းကျင် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၉) မိုင်းဆတ်ပါဝင်သည့် ပူးပေါင်းအဖွဲ့က မိုင်းဆတ်မြို့နယ်အတွင်း လွယ်ဆမ်ဆုန် တောင်ထိပ်၌ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က မိုင်းတွမ်းဘက်မှ လာသည့် ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ယာဉ်အတွင်းရှာဖွေရာ ယာဉ်ပေါ်တွင် ဝှက်၍ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း(၃)သိန်းကို တွေ့ရှိရသည့်အတွက် ယာဉ်မောင်းလာသည့် အသက် (၃၀)ဝန်းကျင်ရှိ ညီလိုင်ဆိုသူအား ဖမ်းဆီးပြီး မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားပြီး ကွင်းဆက်မိရန် စစ်ကြောရေး ပြုလုပ်နေသည်ဟု သိရသည်။