ကလောမြို့နယ်အတွင်း ဘော်ဆိုင်း အဖြူရောင်တွဲလက်များပရဟိတအဖွဲ့ကို ဦးဆောင်သူ ကိုငွေရနိုင်အား (၂)လကြာသည်အထိ ပြန်မလွတ်သေးဘဲ ဘော်ဆိုင်းရဲကင်းစခန်းက အကြောင်းမဲ့ ဖမ်းဆီးထား

ကလောမြို့နယ်အတွင်း ဘော်ဆိုင်း အဖြူရောင်တွဲလက်များပရဟိတအဖွဲ့ကို ဦးဆောင်သူ ကိုငွေရနိုင်အား (၂)လကြာသည်အထိ ပြန်မလွတ်သေးဘဲ ဘော်ဆိုင်းရဲကင်းစခန်းက အကြောင်းမဲ့ ဖမ်းဆီးထား
အောက်တိုဘာ 19, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်အတွင်း ဘော်ဆိုင်း အဖြူရောင်တွဲလက်များပရဟိတအဖွဲ့ကို ဦးဆောင်သူ ကိုငွေရနိုင်သည် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခံထားရပြီး ဘော်ဆိုင်းရဲကင်းစခန်း၏ အချုပ်ခန်းတွင် (၂)လတိတိရှိသည်အထိ ထိန်းသိမ်းခံထားကြောင်း သိရသည်။

"ရဲကင်းမှူးကို ကျွန်တော် ဖုန်းဆက်မေးလိုက်တော့  ဘယ်ပုဒ်မနဲ့ ဖွင့်ထားပါသလဲ၊ ဘာဖြစ်လို့ တရားရုံးမှာ ဖြေရှင်းခွင့် မရှိတာလဲ

ဘာအကြောင်းကြောင့်လဲ မေးတော့ မဖြေနိုင်ဘူး တခွန်းပဲ  ပြန်ဖြေလာတယ်"ဟု ကိုငွေရနိုင် နှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၁၉)ရက်နေ့တွင် ပြောသည်။

ကိုငွေရနိုင်သည် ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၀)ရက်နေ့က ဘော်ဆိုင်းတွင် အကြောင်းမဲ့ ဖမ်းဆီးခံရပြီး ယနေ့ အချိန်ထိ ၎င်းအား အမှုဖွင့်ခြင်း၊ ရမန်ယူခြင်း၊တရားရုံးတွင် စစ်ဆေးခြင်းများမရှိဘဲ ပုံသေချုပ်နှောင်ခြင်း ဖြစ်သည့်အတွက် အမြန်ဆုံးပြန်လွှတ်မည့်နေ့ကို ဒေသခံများက မျှော်လင့်နေသည်ဟု သိရသည်။ 

 

ကိုငွေရနိုင်သည် ဘော်ဆိုင်းဒေသအတွင်း သာရေး၊ နာရေး လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။ 

"ကျေးရွာအုပ်စု တစ်ခုလုံးက သူ့မှာ အပြစ်မရှိတာသိနေကြတော့ သူလွတ်လာမယ့်ရက်ကို မျှော်နေကြတယ်။"ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

အကြောင်းမဲ့ ဖမ်းဆီးခံထားရသူ ကိုငွေရနိုင်သည် ဘော်ဆိုင်ကျေးရွာအုပ်စုအတွင်း ဘော်ဆိုင်း အဖြူရောင်တွဲလက်များပရဟိတအဖွဲ့၏ ဦးဆောင်သူ တစ်ဦးဖြစ်သလို ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဘော်ဆိုင်းကျေးရွာအုပ်စု၏ စာရေးတစ်ဦးလည်းဖြစ်သည်။

နိုင်ငံ့အာဏာသိမ်းခံထားရပြီးနောက် ၎င်းသည် CDM လုပ်ဆောင်ထားသူဖြစ်သည့်အတွက် ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၁ခုနှစ် ဧပြီလ(၈)ရက်နေ့က ၎င်းအား ရာထူးတာဝန်ကနေ ထုတ်ပယ်ထားကြောင်းလည်း သိရသည်။