အာဏာသိမ်းအဖွဲ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး (၄) ဦးနှင့် ကုမ္ပဏီမှ (၃) ဦးတို့ကို အဂတိမှုဖြင့် အမှုဖွင့်

အာဏာသိမ်းအဖွဲ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး (၄) ဦးနှင့် ကုမ္ပဏီမှ (၃) ဦးတို့ကို အဂတိမှုဖြင့် အမှုဖွင့်
ဇူလိုင် 17, 2021 | ရှမ်းတောင်

NLD အစိုးရအဖွဲ့ဝင်များကိုဖမ်းဆီးပြီး နိုင်ငံ့အာဏာသိမ်းထားသည့် အာဏာသိမ်းအဖွဲ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး (၄) ဦးအပြင် ပုဂ္ဂလိကကုမ္ပဏီမှ (၃) ဦးတို့ပါ အဂတိလိုက်စားမှုဖြင့် တိုင်ကြားမှုကို စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးပြီး အမှုဖွင့်သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင် အပါအဝင် အင်းလေးကန်ဝင်ခွင့် ကောက်ခံခွင့်ရ တင်ဒါအောင် ပုဂ္ဂလိက ကုမ္ပဏီမှ ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင် နှင့် ဇနီး ဒေါ်တင်တင်ထွေးတို့ကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့တွင် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့အစိုးရအဖွဲ့မှ NLD ပါတီဝင်များအပြင် စစ်အာဏာသိမ်းမှုကို လက်မခံသူတိုင်းအား မတရားစွပ်စွဲဖမ်းဆီးနှိမ်နှင်းနေသည့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီး (၂) ဦးတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် အင်းလေးဒေသဇုန်ဝင်ခွင့်ကောက်ခံရေးလုပ်ငန်း လုပ်ကိုင်ခွင့် တင်ဒါအောင်မြင်သော လုပ်ငန်းရှင်ထံမှ ရရှိရန် ကျန်ရှိသည့် ကျပ်သိန်း(၃,၀၀၀)ကျော်ထဲက (၅၀)ရာခိုင်နှုန်း လျှော့ပေးခြင်း၊ လက်ကျန်တင်ဒါငွေ သတ်မှတ်အချိန်အထိ ပေးသွင်းနိုင်ရန် စီမံဆောင်ရွက်နိုင်မှုမရှိခြင်း၊ တင်ဒါဝင်မပြိုင်ရန် ပြည်နယ်အစိုးရက တားမြစ်ထားသည့် ကုမ္ပဏီတစ်ခုကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေစာရင်းမှ ကျပ်သိန်း (၄,၀၀၀) ကျော်ဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူရာတွင် တင်ဒါစည်းကမ်း မလိုက်နာခြင်း၊  ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်အနေဖြင့် ကုန်တင်ယာဉ်ကြီးများ ရပ်နားဂိတ်နေရာ၌ အဆင့်မြင့်ဆေးရုံ တည်ဆောက်ရေးနှင့် ကုန်တင်ယာဉ်ကြီးများရပ်နားစခန်းကို ကုမ္ပဏီပိုင်မြေပေါ်တွင် တည်ဆောက်ရေးတွင် ကုမ္ပဏီ (၂) ခုထံမှ စုစုပေါင်း ငွေကျပ် သိန်း (၁၀၀) လက်ခံခဲ့သည်ဟုဆိုကာ စွပ်စွဲထားသည်ကိုလည်း တွေ့ရသည်။ 

ယင်းအပြင် ပုဂ္ဂလိကကုမ္ပဏီမှ ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နှင့် ဇနီး ဒေါ်တင်တင်ထွေးတို့ကိုလည်း အင်းလေးဒေသဇုန်ဝင်ခွင့် ကောက်ခံရေးလုပ်ငန်းအတွက် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများနှင့် ပိုင်ဆိုင်မှုစာရွက်စာတမ်းမူရင်းများကို အာမခံအဖြစ်တင်ပြခြင်းမရှိဘဲ ပိုင်ဆိုင်မှုစာရင်းကိုသာတင်ပြပြီး လုပ်ကိုင်ခွင့်ရယူခဲ့ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ကြွေးကျန်နှင့် ဒဏ်ကြေးငွေကျပ် သိန်း (၁၁,၀၀၀) ကျော်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကြွေးကျန် ငွေကျပ် သိန်း (၁၄,၀၀၀) ကျော်ကို ပေးသွင်းမှုမရှိ၍ဟုဆိုကာ စွပ်စွဲထားသည်ကို တွေ့ရသည်။

အဆိုပါ စွပ်စွဲချက်များဖြင့်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့်လည်းကောင်း  ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နှင့် ဇနီး ဒေါ်တင်တင်ထွေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် လည်းကောင်း တောင်ကြီးမြို့မရဲစခန်းတွင် ဇူလိုင် ၁၆ ရက်၌ အမှုဖွင့်ထားသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် မတရားဖမ်းဆီးထားသည့် သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် NLD ဝန်ကြီးများအား ဖမ်းဆီးထားပြီး ပုဒ်မမျိုးစုံဖြင့် စွပ်စွဲအမှုဖွင့်ခြင်းကို လုပ်နေခြင်းဖြစ်သည်။