တန့်ယန်းမြို့နယ်အတွင်း ဇူလိုင်လ(၁၅)ရက်နေ့၌ တွေ့ရသည့် Covid-19 ပိုးတွေ့ (၂၅)ဦးထဲတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်း (၁၃)ဦး ပါဝင်

တန့်ယန်းမြို့နယ်အတွင်း ဇူလိုင်လ(၁၅)ရက်နေ့၌ တွေ့ရသည့် Covid-19 ပိုးတွေ့ (၂၅)ဦးထဲတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်း (၁၃)ဦး ပါဝင်
ဇူလိုင် 15, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်း ယနေ့ ဇူလိုင်လ(၁၅)ရက်နေ့၏ ဓါတ်ခွဲအဖြေအရ Covid-19 စစ်ဆေးထားသည့် (၇၀)ဦးထဲက (၂၅)ဦးတွင် Covid-19 ပိုးတွေ့ရှိရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများလည်း ပါဝင်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၁၅)ရက်နေ့တွင် ပိုးတွေ့ရသည့် (၂၅)ဦးမှာ အမျိုးသား(၉)ဦး နှင့် အမျိုးသမီး (၁၅)ဦးတို့ဖြစ်ပြီး  (၂၅)ဦးတွင် (၁၃)ဦးမှာ ဝန်ထမ်းများဖြစ်ကြောင်းနှင့်  တန့်ယန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးလည်း ပါဝင်ကြောင်း သိရသည်။

ဒီနေ့တွေ့တဲ့ (၂၅)ဦးထဲမှာ အရပ်သားက (၁၂)ယောက်ပဲပါတယ်။ ကျန်တာက ကျန်းမာရေး ဝန်ထမ်းတွေ၊ ထွေအုပ်တွေပါတယ်။ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ ဆရာဝန်တစ်ဦးလည်းပါတယ်။

ဟု တန့်ယန်းဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၅)ရက်နေ့ နေ့လည်ပိုင်းတွင် ပြောသည်။

တန့်ယန်းမြို့တွင် Covid-19 တတိယလှိုင်းကာလအတွင်း Covid-19 ကူးစက်ခံရသည့် ဝန်ထမ်းများအနေဖြင့်  ဇွန်လ(၂၉)ရက်နေ့က ထွေအုပ်ဝန်ထမ်း(၁)ဦး၊ ဇူလိုင်လ(၂)ရက်နေ့က တန့်ယန်း - ပန်ဆန်းသွားလမ်းရှိ တာကော်အက်တံတားမှ တာဝန်ကျသူ ဝန်ထမ်း (၇)ဦး နှင့် ယနေ့ ဇူလိုင်လ(၁၅)ရက်နေ့တွင် စစ်ဆေးတွေ့ရှိရသည့် ဝန်ထမ်း(၁၃)ဦးတို့ရှိကြပြီး စာရင်းတွင် မဖော်ပြသည့် ဝန်ထမ်းများလည်းရှိနေနိုင်ကြောင်းနှင့် တန့်ယန်းမြို့တွင် ပိုးတွေ့ ဝန်ထမ်းထဲတွင် Covid-19 ကာကွယ်ဆေး (၂)ကြိမ် ထိုးပြီးသားသူများလည်း ပါဝင်ကြောင်း သိရသည်။

 

တန့်ယန်းမြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇွန်လ(၂၅)ရက်နေ့က စတင်လာရာ ယနေ့ ဇူလိုင်လ(၁၅)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၁၂၀)ကျော်အထိ ရှိနေကြောင်း နှင့်  Covid-19 ကြောင့် သေဆုံးသူမှာ (၅)ဦးထက်မနည်းရှိနေပြီး သံသယဖြင့်သေဆုံးသူမှာ (၃)ဦးအထက်ရှိကြောင်းလည်း သိရသည်။