လွိုင်ကော်မြို့တွင် ညပိုင်းသေနတ်ပစ်ခတ်သံများကြားနေရပြီး တောင်ဈေးရှေ့လမ်းဆုံတွင်  လမ်းသွားလမ်းလာများအား စစ်ဆေးနေ 

လွိုင်ကော်မြို့တွင် ညပိုင်းသေနတ်ပစ်ခတ်သံများကြားနေရပြီး တောင်ဈေးရှေ့လမ်းဆုံတွင်  လမ်းသွားလမ်းလာများအား စစ်ဆေးနေ 
ဇူလိုင် 6, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ် ၊ လွိုင်ကော်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ ည (၇) နာရီခွဲကျော်ဝန်းကျင်က သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး သီရိမင်္ဂလာဈေး (တောင်ဈေး)ရှေ့ လမ်းဆုံတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ 

ပစ်တာတော့ လေးငါးချက်လောက်ရှိတယ်။ ဆက်တိုက်ပစ်တာပေါ့လေ။ ဘာကိုပစ်လဲတော့ မသိရဘူး။ ခုတောင်ဈေးရှေ့ မီးပွိုင့်မှာ လာသမျှ ကားဆိုင်ကယ်တွေကို တားစစ်ပါတယ်

ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး အရှေ့လမ်းဆုံတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့ များက လက်နက်အပြည့်အစုံဖြင့် ဖြတ်သွားဖြတ်လာသည့် ကား၊ ဆိုင်ကယ်များကို လုံခြုံရေးအရဟု ပြောဆိုကာ တားဆီးစစ်ဆေးနေသလို မရပ်ပေးလျှင် ပစ်ခတ်မည်ဟုခြိမ်းခြောက်နေကြောင်း သိရသည်။ 

လွိုင်ကော်မြို့ အတွင်း ညပိုင်း (၇)နာရီခွဲကျော် အချိန်ခန့်တွင် မြို့လယ်ဝန်းကျင်ဟုယူဆရသည့်နေရာမှ သေနတ် ပစ်ခတ်သံ (၅)ချက်နီးပါး ဆက်တိုက်ကြားရပြီး ဒေသခံ အချို့ ပြောပြချက်အရ သီရိမင်္ဂလာဈေးရှေ့တွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်များက မရပ်ပေးသော ကားတစ်စီးအား လှမ်း၍ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်များက ခြေလျင်လှည့်သည့်အဖွဲ့၊ ကားဖြင့်လှည့်သည့်အဖွဲ့တို့ဖြင့် လှည့်ပတ်နေပြီး ရမ်းသမ်းပစ်ခတ်မှုများလည်းရှိနေသည်ဟု သိရသည်။