ကျိုင်းတုံမြို့မှ ဝစီပိတ်ဆရာတော် လုပ်ကြံခံရ၍ မင်္ဂလာဒုံဆေးရုံသို့ ပိုဆောင်သည်ဆိုသည့် သတင်းမှာ အမှားသာဖြစ်

ကျိုင်းတုံမြို့မှ ဝစီပိတ်ဆရာတော် လုပ်ကြံခံရ၍ မင်္ဂလာဒုံဆေးရုံသို့ ပိုဆောင်သည်ဆိုသည့် သတင်းမှာ အမှားသာဖြစ်
မေ 28, 2021 | ရှမ်းရှေ့

ကျိုင်းတုံမြို့မှ ဝစီပိတ်ဆရာတော်သည် ကျိုင်းတုံ နှင့် တာချီလိတ်အကြားတွင် လုပ်ကြံခံလိုက်ရသည်ဟု သတင်းများထွက်ပေါ်နေသည့် ကိစ္စနှင့် ပတ်သက်၍ မဟုတ်ကြောင်းနှင့် ဆရာတော်သည် မွေးနေ့ပြီးကတည်းက ဘယ်မှမသွားဘဲ ကျောင်းတိုက်မှာပင် ဝစီပိတ်ကျင့်နေခြင်းသာ ဖြစ်ကြောင်း ကပ္ပိယတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားသည်။ 

"ဆရာတော်က ကျိုင်းတုံမှာပဲရှိနေတယ်။ ဝစီပိတ် တရားကျင့်နေတယ်။ ကျောင်းထဲမှာပဲ၊ အပြင်မထွက်ဘူး။ တနင်္ဂနွေနေ့ တစ်ရက်ပဲ အပြင်ကိုထွက်တယ်။ ကျန်တဲ့အချိန်က တရားကျင့်နေတယ်။   မိုင်းဖုန်းဆရာတော်က  ကပ်လိုက်တဲ့ သင်္ကန်းကိုတောင် ဆရာတော်ထံ သွားပို့ပြီးပြီ"ဟု ဝစီပိတ်ဆရာတော်၏ ကပ္ပိယတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၂၈)ရက်နေ့ ညပိုင်းက ပြောသည်။

ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရကျောင်းတိုက်၏ ဦးစီးပဓာနနာယက  ဆရာတော် ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)သည် ကျောင်းတိုက်တွင်သာ သီတင်းသုံးနေပြီး ဝစီပိတ် တရားကျင့်နေသည့်အတွက် မည်သည့်နေရာကိုမှ မကြွသလို အပြင်လည် မထွက်ကြောင်း သိရသည်။

ဝစီပိတ်ဆရာတော်အား မုန်းကျက်တွင် ဂူတွင်းတရားကျင့်နေသည့် မိုင်းဖုန်းဆရာတော်မှ ကဆုန်လပြည့် အလှူအဖြစ် ပေးပို့ဆက်ကပ်လှူဒါန်းလိုက်သည့် သင်္ကန်းဒွိစုံ တစ်စုံ၊ ပျားဖယောင်းတစ်ထုပ် နှင့်ပုတီးတစ်ကုံးတို့ကို ဆရာတော်ထံ ရက်ပိုင်းအတွင်းက သွားရောက်ဆက်ကပ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

လူမှုကွန်ရက် Facebook ပေါ်တွင် ဝစီပိတ်ဆရာတော်နှင့် ပတ်သက်၍ "ဝစီပိတ်ဆရာတော် အဆိပ်ခတ်ခံရ၍ မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း၊ ကျိုင်းတုံ နှင့် တာချီလိတ်အကြားက တာလေမြို့တွင် လုပ်ကြံခံလိုက်ရကြောင်း"ဆိုသည့် အကြောင်းအရာများ  ယနေ့ မေလ(၂၈)ရက်နေ့တွင် ပျံ့နှံ့နေခြင်း ဖြစ်သည်။