အာဏာသိမ်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာဘက်ကနေ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူ (၂၀၀၀)ကျော်ကို ထိုင်းစစ်တပ်က နှင်ထုတ်

အာဏာသိမ်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာဘက်ကနေ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူ (၂၀၀၀)ကျော်ကို ထိုင်းစစ်တပ်က နှင်ထုတ်

အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ပစ်ခတ်နေ၍ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာသည့် ကရင်နယ်စပ်မှ ဒေသခံ (၂၀၀၀) ကျော်ကို ထိုင်းစစ်တပ်က ၂၀၂၁ ခုနှစ် မတ်လ (၂၉) ရက်နေ့၌ ပြန်လည်နှင်ထုတ်လိုက်ခြင်းမှာ နိုင်ငံတကာစည်းမျဉ်း စည်းကမ်းများကို ချိုးဖေါက်ရာရောက်ကြောင်း Foundation without border က ထောက်ပြဝေဖန်လိုက်သည်။



အာဏာသိမ်းစစ်တပ်က မြန်မာ- ထိုင်းနယ်စပ် KNU တပ်မဟာ (၅) နယ်မြေအတွင်း မတ်လ (၂၇) ရက်နေ့ညပိုင်းမှစ၍ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုများရှိနေ၍ ဒေသခံများမှာ ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြခြင်းဖြစ်ရာ အီတူးထာစခန်းမှ ဒုက္ခသည် (၂၀၀၉)ဦးကို ထိုင်းစစ်သားများက မတ်လ (၂၉) ရက်နေ့ ညနေ (၆)နာရီဝန်းကျင်တွင် နှင်ထုတ်လိုက်ပြီး နယ်စပ်ဖြတ်သန်းရာနေရာများကိုလည်း သံဆူးကြိုးကာရံခြင်းကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။



အာဏာသိမ်းမြန်မာစစ်တပ်၏ လေကြောင်းရန်ကို ကြောက်သဖြင့် ဒုက္ခသည်များမှာ နေရပ်မပြန်သေးဘဲ နယ်စပ်အနီးတွင်သာ ပုန်းခိုနေကြရကြောင်း သိရသည်။



လေကြောင်းရန်မှ တိမ်းရှောင်လာသူများတွင် သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် နာမကျန်းသူများလည်း ပါဝင်နေပြီး စစ်ဘေးရှောင်များအား အန္တရာယ်မကင်းသည့်အခြေအနေတွင် ပြန်မပို့ရမည့် နိုင်ငံတကာလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ထိုင်းနိုင်ငံက မလိုက်နာဘဲ နှင်ထုတ်နေခြင်းဖြစ်သည်။



ထိုင်းစစ်တပ်က မကြာမီကာလကလည်း နယ်စပ်ရှိ မြန်မာစစ်စခန်းအား ရိက္ခာထောက်ပံ့ရန်ကြိုးစားခဲ့သည့်အပြင် လူထုအား သေစေသည်အထိ အကြမ်းဖက်မှုများပြုလုပ်နေ၍ နိုင်ငံတကာက ဖိအားပေးနေသည့် မြန်မာစစ်တပ်၏ တပ်မတော်နေ့အခမ်းအနားကို တက်ရောက်သည့် နိုင်ငံ (၈)နိုင်ငံတွင်လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။



မြန်မာစစ်တပ်အတွက် ရိက္ခာပေးပို့ခြင်းကိစ္စနှင့်ပတ်သက်၍ နယ်ခြားကော်မတီ (TBC)က ထိုင်းဘက်က ကုန်ပစ္စည်းဝယ်ယူခြင်းအတွက် ကူညီပေးခြင်းသာဖြစ်ကြောင်းနှင့် တပ်မတော်နေ့အခမ်းအနားတက်ခြင်းမှာလည်း မြန်မာပြည်သူလူထုအား အကြမ်းဖက်နှိမ်နှင်းနေခြင်းကို သဘောတူလက်ခံ၍ မဟုတ်ဘဲ ဒေသတွင်း ကုန်သွယ်ရေးအပါအဝင် ဆက်ဆံရေးအခြေအနေကို ထိန်းရန်အတွက်သာဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ်က ဖြေကြားထားသည်။

Source: The Reporters