မင်းဘူး/စကုမြို့နယ်ရှိ ဆင်စခန်းကို COVID 19 ကြောင့် ပိတ်ထားသော်လည်း ဆင်စာအလှူရှင်များ လာရောက်လှူဒါန်းမှုရှိနေ

မင်းဘူး/စကုမြို့နယ်ရှိ ဆင်စခန်းကို COVID 19 ကြောင့် ပိတ်ထားသော်လည်း ဆင်စာအလှူရှင်များ လာရောက်လှူဒါန်းမှုရှိနေ
ဇန်နဝါရီ 17, 2021 | အခြားဒေသများ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားအနီး ကြိုးပြင်ကာကွယ်တော၌ ဆင်ထိန်းသိမ်းရေးအခြေပြုခရီးသွားလုပ်ငန်း (ECBT) အတွက် ဆောက်လုပ်ထားသည့် ဆင်စခန်းကို COVID 19 ကာလအတွင်း ပိတ်ထားသော်လည်း ဆင်ဘူဖေးအလှူရှင်များ လာရောက်လှူဒါန်းမှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ ဆင်စခန်းကို သစ်လုပ်ငန်းက လုပ်ငန်းမှ အနားပေးသည့် ဆင်များဖြင့်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဆင်များအတွက် ဆင်ဦးစီးနှင့် ဆား၊ မန်ကျည်းများကို တစ်နှစ်စာပံ့ပိုးထားကာ ဖြည့်စွက်စာအတွက် လိုအပ်ပါက သီးသန့်တင်ပြတောင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

"ဆင်တစ်ကောင်ဘယ်၍ဘယ်မျှဆိုပြီး ဘတ်ဂျက်ချပေးထားတာမျိုးတော့ မရှိပါဘူး။ ဌာနက ဆင်ဦးစီးရယ်၊ ဆားရယ်၊ မကျီးရယ်ပေါ့၊ တစ်နှစ်စာပေးပါတယ်။ ဖြည့်စွက်စာကိုတော့ လိုအပ်ရင် သီးခြားတင်ပြီး တောင်းရတယ်

ဟု ဆင်စခန်း ဒုတာဝန်ခံ ဦးအောင်ကိုကိုထက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆင်စခန်းတွင် ဆင် (၁၃) ကောင်ရှိသဖြင့် အစာလိုအပ်ချက်များနေ၍ ဘူဖေးအလှူရှင်များ၏ အစာအလှူက များစွာအထောက်အကူဖြစ်သည်ဟု သိရပြီး ယင်းတို့အနက် သစ်ကိုင်းရိုက်ခံရ၍ မေးရိုးလွဲနေသော ဆင်ပေါက်လေး (၁)ကောင်မှာ အစာမဝါးနိုင်သဖြင့် ထမင်းကို နို့မှုန့်နှင့်ဖျော်၍ တစ်နေ့လျှင် သုံးနပ်ကျွေးနေရကြောင်း ဆင်ဝိုင်းအကြီးအကဲ ဆင်ခေါင်း ဦးခင်မောင်ဝင်းထံမှ သိရသည်။

“စားကျက် ဧက (၇၀၀) လောက်ရှိတယ်ဆိုပေမဲ့ ဒီနှစ်က မိုးနည်းခဲ့တာကြောင့် စားကျက်က အခုကိုပဲ ခြောက်သလောက်ဖြစ်နေပြီ။ ဆင်တစ်ကောင်ဟာ တစ်နေ့ကို (၂၂) နာရီလောက် အစာစားပြီး အစာ ပေါင်ချိန် (၆၀၀) လောက်စားပါတယ်။ ဆင်စခန်း ပြန်မဖွင့်နိုင်သေးဘူးဆိုရင် နောက်ပိုင်း နွေကာလမှာ ဆင်စာရှားပါးမှုနဲ့ ကြုံတွေ့လာနိုင်လို့ ဆင်စာဘူဖေးအလှူရှင်တွေ ဒီထက်ပိုလိုအပ်လာတော့မှာပါ။” 

ဟု ဆင်စခန်းတွင် လုပ်အားပေးဆောင်ရွက်နေသည့် မြန်မာ့သစ်လုပ်ငန်းဌာနမှ ကိုပြည့်ဖြိုးဝင်းက ပြောသည်။

ဆင်စခန်းတွင် (၆) ပေ (၁၀) ပေ စားပွဲတစ်လုံးစာ ဆင်စာအမျိုးစုံတင်ထားသည့် ဆင်ဘူဖေးတစ်ပွဲလျှင် အနည်းဆုံး ကျပ် (၅၀၀၀၀) ကျသင့်ပြီး ဆင်ဘူဖေးအတွက် ထည့်ဝင်လှူဒါန်းထားသည့် လှူဒါန်းငွေများဖြင့် ဆင်များကို ဆင်ဘူဖေးစားပွဲများ ကျွေးမွေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဆင်စခန်းကို လာရောက်လည်ပတ်ခြင်းအား ပိတ်ထားသော်လည်း အလှူရှင်ဧည့်သည်များကို ဝင်ခွင့်ပြုထားပြီး ဂိတ်ဝ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊ mask တပ်ဆင်ခြင်းများ ပြုလုပ်စေကာ စခန်းအတွင်း နေရာအသီးသီး၌လည်း  လက်ဆေးကန်များထားပေးပြီး ဆင်ဦးစီးများကိုလည်း mask တပ်စေကာ တစ်ဦးနဲ့တစ်ဦးထိတွေ့မှုဖြစ်စေသည့် ဆင်စီးခြင်းကိုမူ ခွင့်ပြုမထားကြောင်း သိရသည်။

မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားအနီး ကြိုးပြင်ကာကွယ်တော၌ ဆင်ထိန်းသိမ်းရေးအခြပြု ခရီးသွားလုပ်ငန်း (ECBT) အတွက် ဆင်စခန်းအား ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သစ်ထုတ်လုပ်ငန်းများအား လျှော့ချထားသည့်အတွက် သစ်လုပ်ငန်းမှ ဆင်များဖြင့် ဆင်စခန်းဖွင့်ထားခြင်းဖြစ်သည်။

 

Tachileik News Agency

သတင်း/ဓာတ်ပုံ-ဖီးနစ်

 

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...