အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက်ရှိ နေအိမ်(၂၇၀)ကျော်ကို စစ်ကောင်စီက မြေအပ်ဝရမ်းကပ်မည်ဆိုခြင်းကြောင့် ဒေသခံများလမ်းပေါ်ရောက်လာ

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက်ရှိ နေအိမ်(၂၇၀)ကျော်ကို စစ်ကောင်စီတပ်က မြေအပ်ဝရမ်းကပ်မည်ဟုဆိုသဖြင့် ရပ်ကွက်နေပြည်သူများ ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၉)ရက်နေ့ နေ့လယ်ပိုင်းတွင် လမ်းပေါ် စုရုန်းရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေးကျုံးအနီး အကွက်အမှတ် (၆၈/ဃ) (၁၁)လမ်း၊ (၈၆)လမ်းနှင့် (၈၇)လမ်းကြားရှိ အိမ်ခြေ(၂၇၁)အိမ်၊ အိမ်ထောင်စု (၂၇၅)စု၊ လူဦးရေ (၁၅၀၀)ဝန်းကျင်ကို စစ်ကောင်စီက မြေအပ်ဝရမ်းကပ်ခြင်းပြုလုပ်မည်ဟုဆိုသဖြင့် ရပ်ကွက်နေပြည်သူများ လမ်းပေါ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

"အိမ်တွေဖျက်ခိုင်းတယ်လို့ပြောတယ်။ ဘာလို့လဲတော့ မသိသေးဘူး။ ဒေသခံတွေက တောင်းပန်နေရတယ်။ အရင်က ငါးကန်တွေကို ကွက်စိတ်ရိုက်ပြီးတော့ ပြန်ရောင်းတဲ့ဟာတွေ။ စလစ်မြေတွေ။ ဒေသခံတွေ နေထိုင်တာ ကြာနေပြီ။ မြို့ကြီးတောင်ဖြစ်နေပြီ။ အခုဖျက်ခိုင်းတာ အိုလံပစ်ဝန်းတစ်ခုတည်းကို ဖျက်ခိုင်းတာလို့ သိရတယ်။ (၁၁)လမ်းမှာ နေထိုင်သူတွေက တော်တော်ကြာပြီနေထိုင်တာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီက မြေအပ်ဝရမ်းကပ်မည်ဟုဆိုခြင်းကြောင့် ရပ်ကွက်နေသူများသည် ရပ်ကွက်အတွင်းရှိ လမ်းများပေါ်တွင် စုရုန်းရောက်ရှိလာသဖြင့် စစ်ကောင်စီတပ်ကလည်း တားဆီးထားကြောင်း သိရသည်။

"မြောက်ဘက်တွေ (၁၁)လမ်း၊ (၁၀)လမ်း၊ (၉)လမ်း၊ (၁)လမ်း အထိ ငါးကန်တွေအကုန်လုံးကို အကွက်ရိုက်ပြီး ပြန်ရောင်းထားတာ။ မြို့ဧရိယာသတ်မှတ်ထားတဲ့ (၁၂)လမ်းတောင် ကျုံးဘေးလမ်းပဲရှိသေးတာလေ။ (၁၁)လမ်းဆိုတာ ဟိုးအရင်ကတည်းက လမ်းရှိခဲ့တဲ့‌နေရာတွေ။ လုံးဝကြာပြီ။ အခုမှ ကွက်စိတ်ကောက်ရိုက်တဲ့ဟာတွေမဟုတ်ဘူး။"ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီတပ်က မြေအပ်ဝရမ်းကပ်မည်ဟုဆိုကာ ဖျက်ခိုင်းသည့်အိမ်များမှာ အိမ်ကြီး၊ အိမ်ကောင်းများဖြစ်ပြီး လက်ရှိအချိန်ထိ ဒေသခံများကလည်း မဖျက်ရန် တောင်းဆိုနေကြသည်ဟု သိရသည်။

#TachileikNewsAgency

Video : CJ