စစ်ကောင်စီ၏ တိုင်းဗဟို(၉) ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသူတို့ထဲက လွတ်မြောက်လာသူတို့၏ အသံ

 ရခိုင်ပြည်နယ် မင်းပြားမြို့နယ် တိုင်းဗဟို(၉)အား ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများက လမ်းတလျှောက်ရှိ ကျေးရွာများနေ အရပ်သားများအား ဓားစာခံအဖြစ် ဖမ်းဆီးသွားရာမှ ပြန်လွှတ်မြောက်လာသူများက စစ်ကောင်စီတပ်သားများအား ရက္ခိုင့်တပ်တော် တရားရုံးတွင် အရေးယူစေလိုကြောင်း ပြောဆိုသည်။

တိုင်းဗဟို (၉)မှ ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ အပြစ်မဲ့ပြည်သူ (၂၀)ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရပြီး အဆိုပါဓားစာခံများကို ရက္ခိုင့်တပ်တော်မှ ကယ်တင်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ 

“ဝါးခုတ်ဖို့သွားတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တွေ့ပြီး ကျွန်တော်တို ခေါ်သွားခဲ့ပါတယ်။ ကျွန်တော်ကို နောက်ပြန်ကြိုးချည်နှောင်ပြီး ရိုက်နှက်ပါတယ်။ ရေဘူးတွေသယ်ခိုင်းပါတယ်။ မသယ်နိုင်လို့ ခြေလျော်ကျသွား ရင်လည်း နောက်ကလိုက်ပြီးတော့ ကန်ပါတယ်။ အဲဒီလိုမျိုး ဖမ်းခေါ်သွားပါတယ်။ ကျွန်တော် သွားတဲ့အချိန်မှာ ကျွန်တော်သားတွေလည်းပါတယ်။ ကျွန်တော်သားနှစ်ယောက်ကို သတ်လိုက်ကြပါတယ်၊ သားတစ်ယောက်၊ သားမက်တစ်ယောက်ပါ။”ဟု ပြန်လည်လွတ်မြောက်လာသူ စပါးထားရွာမှ ဦးမောင်ခင်ရွှေက ပြောသည်။

ပစ်သတ်ခံရသည့် သားအမည်မှာ နေမျိုးချစ် အသက်(၁၆)နှစ်နှင့် သားမက်ဖြစ်သူ ကျော်အေးလှိုင် အသက်(၃၃) နှစ်တို့ဖြစ်ပြီး ၎င်းကိုလည်း နောက်တစ်နေ့တွင် သတ်မည်ဟုပြောဆိုပြီးနောက် မသတ်ဖြစ်ဘဲ ရက္ခိုင့်တပ်တော် က လာရောက်ကယ်တင်ရာက အသက်ရှင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“နောက်တစ်နေ့ သတ်မယ့် အချိန်ရောက်လာပေမယ့် မသတ်ဖြစ်ခဲ့ဘူး။ မသတ်ဖြစ်လိုက်တာတော့ နောက်နေ့ ဆက်သွားခဲ့အခါ ကျွန်တော်တို့ နွားတစ်ကောင်နဲ့ ကျွဲတစ်ကောင်တွေ့ပါတယ်။၊ နွား၊ ကျွဲကိုသတ်ပြီး စားကြတယ်။ မိုးလင်းရင် လူကိုသတ်မယ်လို့ပြောပါတယ်။ မိုးမလင်းခင်ကတည်းက ကျွန်တော်တို့ကို နောက်ပြန်ကြိုးချည်ပြီး တော့ ထမင်းမကျွေးဘဲ ချည်နှောင်ထားပါတယ်။ ကျွန်တော်တို့နားမှာလည်း ပတ်ပတ်လည်ကျည်ထိုးပြီးတော့ ဝိုင်းစောင့်ပြီး အိပ်နေကြပါတယ်။ မနက်(၅)နာရီလောက်မှာ တပ်တော်ကလာကယ်တယ်။ ကျွန်တော်တို့လည်း ပုန်းနေတယ်။ တိုက်ပွဲဖြစ်တာနဲ့ သူတို့လည်း ထွက်ပြေးတဲ့အခါ ကျွန်တော်တို့လည်း ပေါ်တာပါ လို့ပြောတော့ တပ်တော်က ကျွန်တော်တို့ကို လုံခြုံတဲ့နေရာမှာ ထားဖို့ခေါ်သွားပြီးထားပါတယ်။ အဲဒီကြောင့် ကျွန် တော်တို့ လွတ်မြောက်လာတယ်။ ကျွန်တော့်သားတွေကို သတ်လိုက်တာကတော့ လုံးဝမကျေနပ်ဘူး။ အရွယ်မ ရောက်ဘဲ ကလေးတွေသေကြေပျက်စီးသွားရတာတွေကို အဲဒါတွေကို ကျွန်တော်တို့ တပ်တော်က ထိထိရောက်ရောက် တရားရုံးမှာ အရေးယူတာကို လိုချင်ပါတယ်။”ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ဦးမောင်ခင်ရွှေတို့နှင့်အတူ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရသည့် စပါးထားရွာမှ ဦးမောင်သန်းမြင့်က လည်း ၎င်း၏ သားဖြစ်သူကိုပစ်သတ်လိုက်ခြင်းကြောင့် ကျေနပ်မှုမရှိဘဲ စစ်ကောင်စီတပ်သားများအား အရေး ယူပေးရန် ရက္ခိုင့်တပ်တော်ထံ တောင်းဆိုထားသည်။

“တောထဲ သစ်ဝါးခုတ်ဖို့သွားတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတင်းဖမ်းပြီးတော့ ဒုက္ခအမျိုးမျိုးဖြစ်အောင် ကျွန်တော်တို့ကို ကြိုးတွေနဲ့ချည်နှောင်ပြီး ရိုက်နှက်ခဲ့ပါတယ်။ ကျွန်တော့်သားကိုလည်း ကျွန်တော့်လိုပဲ ရိုက်နှက်ကြပါတယ်။ ကျွန်တော့်ရှေ့မှာတင် ပုံစံအမျိုးမျိုးနဲ့ရိုက်နှက်ပါတယ်။ ကျွန်တော့်သားကို ရိုက်နှက်တာ တွေကို မကြည့်ရက်ခဲ့ဘူး။ ကျွန်တော့်သားက အသက်(၁၈)နှစ် ဒီနှစ်မှ ပြည့်တာပါ။ ကျွန်တော့်သားအမည်က ကျော်ဝင်းပါ။ ကျွန်တော်သားကို လုံးဝ ထမင်းမကျွေးဘူး။ ဒီလောက်ချမ်းလွန်းတဲ့အချိန် တောကြီးမျက်မည်းထဲမှာ လက်ပြန်ကြိုးတုပ်၊ ရိုက်နှက်ယူဆောင်လာပြီးတော့ နောက်ဆုံးမှာ ကျွန်တော့်သားလေး ပစ်သတ်ခံလိုက်ရပါ တယ်။ ကျွန်တော်ရင်ထဲမှာ ခံစားရပါတယ်။ ကျွန်တော်တို့ကိုလည်း အဲဒီလိုပဲ စစ်ကောင်စီက ခေါ်သွားပြီး ညအချိန်မှာ စောင်လည်းမရှိ အရမ်းချမ်းပါတယ်။ ထမင်းကို တစ်ရက်မှာ တစ်နပ်ပဲကျွေးပါတယ်။ ရေကို မသောက်ရ၊ ကိုယ်သယ်လာခဲ့တဲ့ ဆန်ကိုကိုယ်မစားရတဲ့အထိပါပဲ။ ကျွန်တော်တို့ဟာ တောင်ကြီး၊ တောင်ငယ်ကိုတက်ပြီးတော့ ညအချိန်ဆိုရင် ချမ်း၊ နေ့ဆိုရင် နေပူဒဏ်ခံစားခဲ့ရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ စစ်ကောင်စီကို မကျေနပ်ဘူး။ ရက္ခိုင့်တပ်တော်က ထိရောက်စွာအရေးယူပေးစေချင်ပါတယ်။”ဟု  စပါးထားရွာမှ ဦးမောင်သန်းမြင့်က ပြောသည်။

ဓားစာခံများကို ဦးဆောင် ခေါ်ယူဆောင်သွားသည့် တိုင်းဗဟို (၉) အုပ်ချုပ်ရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့် အခြားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာတို့ကို မတ်လ (၈) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်ခန့် တွင် အသေဖမ်းဆီးရမိကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

ကျောက်တော်၊ တပ်မဌာနချုပ်နှင့် မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်း ကျောင်း (အမှတ် (၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း) အပါအဝင် အခြားသောနေရာများမှ စစ်ရှုံးပြီး ထွက်ပြေးကာ လွတ်မြောက်ရန်ကြိုးစားနေကြသည့် စစ်ကောင်စီတပ်သာများထဲက အချို့ကို နေ့စဉ်နှင့်အမျှ အရှင်ဖမ်းဆီးရမိနေသည်ဟုလည်း ထုတ်ပြန်ထားသည်။