စစ်ကောင်စီတပ်က မူဆလင်များကို နိုင်ငံသားမဟုတ်၍ စစ်မှုထမ်းရန် ခေါ်ယူခြင်းမရှိဟု လိမ်လည်ထားသော်လည်း လက်တွေ့တွင်  မူဆလင်များကို စစ်သင်တန်းပေးနေသည့် ရုပ်သံ ထွက်ပေါ်

 

ရခိုင်ပြည်နယ်တွင် မူဆလင်များကို စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းမရှိဟု လိမ်လည်နေသည့် စစ်ကောင်စီတပ်က မူဆလင်ဒုက္ခသည်ရာချီကို စစ်သင်တန်းပေးနေသည့် ရုပ်သံမှတ်တမ်းလူမှုကွန်ယက်စာမျက်နှာတွင် ထွက်ပေါ်လာ သည်။

အဆိုပါ မူဆလင်များမှာ ကျောက်တစ်လုံးမွတ်ဆလင်စခန်းမှလည်း မူဆဆင်များဖြစ်နိုင်သည်ဟု ကျောက်ဖြူမြို့ ခံများက ပြောကြပြီး ရုပ်သံတွင် မုန်တိုင်းဒဏ်အတွက် ပြင်ဆင်ထားသည့် အဆောက်အဦးအတွင်း လူ(၂၀၀)နီးပါး ကို စစ်ဝတ်စုံများဝတ်ခိုင်းထားသည့်အပြင် စစ်သင်တန်းပေးနေကြောင်းကိုလည်း မူဆလင်တဦးက ပြောဆိုထား သည်ကို တွေ့ရသည်။

ရခိုင်ပြည်ရှိ မူဆလင်လူငယ်လူရွယ်များကို စစ်မှုထမ်းရန် စစ်ကောင်စီတပ်က အတင်းစုဆောင်းနေသော်လည်း စစ်ကောင်စီကမူ ၎င်းတို့ပိုင် ဝါဒဖြန့်ဌာနများမှတဆင့် စစ်သားအဖြစ် စုဆောင်းခြင်းမရှိဟု ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ လ(၂၈)ရက်နေ့တွင် လိမ်လည်ထုတ်ပြန်ခဲ့ သည်။

“မြန်မာနိုင်ငံသား မဟုတ်ရင် မခေါ်ပါဘူး။ ဘင်္ဂါလီလူမျိုးတွေကို ခေါ်ယူခြင်းလည်းမရှိပါဘူး။”ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ပိုင်ဌာနများတွင် ဖေဖော်ဝါရီလ(၂၉)ရက်နေ့က ပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်တွေအမြောက်တပ် အမတ(၃၇၃)တွင် မူဆလင်(၃၁၅)ယောက်ကို ဆန်တစ်အိတ်၊ ငွေ ကျပ်(၅)သောင်းပေး၍ စစ်သင်တန်းပေးသည့်အပြင် ဘူးသီးတောင်မြို့ စစ်ကောင်စီတပ်နယ်တွင်လည်း မူဆလင် (၃၀၀)ကျော်ကို အတင်းစုဆောင်း၍ သင်တန်းပေးကာ ဒေကျောက်ဖြူ ကျောက်တစ်လုံးမွတ်ဆလင်စခန်းမှ အသက်(၁၈)နှစ်မှ (၅၀)နှစ်အကြား မူဆလင်(၁၁၇)ဦးကိုလည်း စစ်သင်တန်းပေးနေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၎င်းတို့ပိုင်ဌာနများမှ ဖော်ပြချက်အရ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက”အဲဒီလိုမျိုး မရှိပါဘူး။ ဘင်္ဂါလီတွေက နိုင်ငံသားလည်းမဟုတ်ဘူး။ ပြီးတော့ စစ်မှုထမ်း ဥပဒေကလည်း အခုအချိန်ထိ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးအဖွဲ့တွေပဲ ဖွဲ့ရသေးတယ်။ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးစတဲ့အဖွဲ့တွေ အများကြီးဖွဲ့ရဦးမှာ။ နည်းဥပဒေလည်း ထုတ်ပြန်ရဦးမှာ။ အဲဒါတွေ လုပ်ရဦးမှာဆိုတော့ အခုထွက်နေတဲ့သတင်းတွေက မဟုတ်ဘူး။ ဒီမှာတော့ အဲဒီ လိုတွေမရှိဘူး။”ဟု ပြောဆိုလိမ်လည်ခဲ့သည်။ 

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် စစ်တွေ၊ မောင်တော၊ ကျောက်ဖြူမြို့တို့ရှိ မူဆလင်များကို စစ်သင်တန်းပေးနေသည့်အပြင် တခြားသော မူဆလင်ဒုက္ခသည်စခန်းများတွင်လည်း လူစာရင်း ကောက်ယူနေခြင်းများလည်းရှိသည်ဟု သိရသည်။