သတင်းထောက် ဖိုးသီဟ အပါအဝင် (၇)ဦးကို အထက်အမိန့်အရ သတ်ခြင်းဖြစ်ကြောင်း သူတို့တွေ ထွက်ဆို

 မတရားစွပ်စွဲဖမ်းဆီးကာ သတ်ဖြတ်ခံရသည့် သတင်းထောက် ဖိုးသီဟ အပါအဝင် (၇)ဦး နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ စစ်သုံ့ပန်းများဖြစ်သည့် ဗိုလ်မှူး သိန်းထိုက်စိုး၊ ဗိုလ်ကြီး အာကာမြင့် နှင့် မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးတို့က မည်သို့ ထွက်ဆို ဝန်ခံထားကြသည်ကို ရက္ခိုင့်တပ်တော်(AA)က ဗီဒီယိုမှတ်တမ်းအား ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် ထုတ်ပြန်လာသည်။

သတင်းထောက် ဖိုးသီဟကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ၎င်း၏နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ပြီး ၅၀၅ (က) ပုဒ်မဖြင့် တရားစွဲဆိုကာ မြောက်ဦးမြို့မရဲစခန်း၌ ဖမ်းဆီးထားပြီးနောက် သတ်ခံရခြင်း ဖြစ်သည်။

ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်၏ (၅၄၀)တပ်ရင်း အပါအဝင် မြောက်ဦးမြို့ရှိ (၃၇၇)တပ်ရင်း၊ (၃၇၈)တပ်ရင်းတို့ကို သိမ်းပိုက်ပြီးနောက် တပ်ရင်း(၃၇၈)အတွင်းမှ သတင်းထောက် ဖိုးသီဟ အပါအဝင် (၇)ဦး၏ အလောင်းများကို တွေ့ရှိခဲ့ခြင်းနှင့် ပတ်သက်ပြီး စစ်သုံ့ပန်းများက ယခုလို ဝန်ခံထွက်ဆိုလာကြခြင်းလည်း ဖြစ်သည်။