မန္တလေးတွင် အုပ်စုဖွဲ့ လူသတ်ပြီး ဆိုင်ကယ် လုယက်သည့် အဖွဲ့ကို ဖမ်းဆီးရမိ

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်ထဲမှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ လူသတ် ဆိုင်ကယ်လုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ တရားခံတွေကို ဖမ်းဆီးရမိပြီလို့ သိရပါတယ်။

 ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်အတွင်း  နေ့လည်ပိုင်းအချိန်မှာ Coopyi အမျိုးအစား ဆိုင်ကယ်ကို စီးလာတဲ့ အမျိုးသားတစ်ဦးကို ဆိုင်ကယ်(၂)စီးနဲ့လာတဲ့ လူ(၄)ဦးအဖွဲ့က တားမြစ်ပြီးတော့ အသင့်ပါလာတဲ့ ဓါးနဲ့ထိုးပြီး လုယူသွားတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ ဆိုင်ကယ်လုခံရသူဟာ  ဓါးဒဏ်ရာနဲ့  အဲ့ဒီနေရာမှာပဲ သေဆုံးပြီးတဲ့နောက်မှာတော့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့မှာ တရားခံ (၄)ဦးစလုံးကို ဖမ်းမိတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံတွေဟာ အသက်(၁၇)နှစ်ကနေ အသက်(၂၂)နှစ်အတွင်းမှာ ဖြစ်ပြီး အဲ့ဒီထဲမှာ အသက်(၁၇)နှစ်အရွယ် လူငယ်(၂)ဦး ပါဝင်ပါတယ်။

သူတို့တွေရဲ့ ကနဦး ထွက်ဆိုချက်အရ   မန္တလေးမြို့ပေါ်က လူအသွားအလာနည်းတဲ့နေရာတွေကို အဓိက ပစ်မှတ်ထားပြီး တစ်ယောက်တည်းဖြစ်စေ (၂)ယောက်တစ်တွဲဖြစ်စေ စီးလာတဲ့ ဆိုင်ကယ်တွေကို အခုလို အသက်အန္တရာယ်ပြုပြီးတော့ လုယက်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းထားတဲ့ကာလအတွင်း  တိုင်းနဲ့ပြည်နယ်ထဲက မြို့တွေမှာ အခုလို ဖြစ်စဉ်မျိုး နေ့စဉ် ဖြစ်ပွားနေလျှက်ရှိပါတယ်။