ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်အဖွဲ့က ဘာသာရေးဘုန်းကြီးကျောင်းများကို ပစ်မှတ်ထား ဗုံးကြဲ



စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရဲ့ မြောက်ဘက်ခြမ်းကို အာဏာသိမ်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဘုန်းကြီးကျောင်းတွေကို အဓိက ပစ်မှတ်ထားပြီး တစ်နေ့တည်းမှာ စစ်လေယာဉ်တွေနဲ့ (၅)ကြိမ်တိတိ လာရောက် ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ရဟန်းတစ်ပါး အပါအဝင် ပြည်သူ (၁၀)ဦးအထက် မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

အာဏာသိမ်းခြင်း (၃)နှစ်ပြည့်တဲ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၁)နာရီ(၁၀)မိနစ်ကနေ ညနေ(၄)နာရီခွဲအချိန်အထိ စုစုပေါင်း (၅)ကြိမ်တိတိ လာရောက် ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဘာသာရေးကို အမျိုးမျိုးအသုံးချနေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဘုန်းကြီးကျောင်းတွေကို အဓိက ပစ်မှတ်ထားပြီး လာရောက် ဗုံးကြဲတာဖြစ်လို့ အဲ့ဒီနေ့တွေမှာ သင်တောရွာဘုန်းကြီးကျောင်း၊ ဇော်ချောင်းရွာ ဘုန်းကြီးကျောင်း နဲ့  ဇီးကုန်းရွာဘုန်းကြီးကျောင်းတွေမှာရှိတဲ့ ကျောင်းဆောင်တွေနဲ့ စေတီပုထိုးတွေ ဓမ္မာရုံတွေထိခိုက် ပျက်စီးခဲ့သလို ရဟန်းအချို့လည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့အပြင် အနီးအနားက နေအိမ်တွေလည်း ထိခိုက်ပျက်စီးပြီး မီးလောင်ဆုံးရှုံးတဲ့အထိပါ ဖြစ်ခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ၅၅၀ ဆရာတော်လို့ အမည်ခံထားတဲ့ လက်နက်ကိုင် သင်္ကန်းဝတ် ဝါသဝ နဲ့ သူ့ရဲ့ ပြည်သူ့စစ်လို့အဖွဲ့တွေဟာ အင်အားများစွာနဲ့ စစ်ကြောင်းထိုးနေလို့ လက်ရှိ ဖေဖော်ဝါရီလ(၃)ရက်နေ့အထိ ကန့်ဘလူခရိုင်အတွင်းထဲက ပင့်သာတိုက်နယ်၊ ချပ်သင်းတိုက်နယ် နဲ့ ကိုးထောင်ဘို့ တိုက်နယ်အတွင်းက ဒေသခံ ရဟန်းရှင်လူ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။



စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပစ်မှတ် မဟုတ်တဲ့ ကျေးရွာများ နဲ့ ဘာသာရေးအဆောက်အဦးများကို အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်တာတွေ နဲ့ စစ်ကြောင်းထိုးနေမှုကို အထူးစစ်ဆင်ရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ကစထ(၁)ရဲ့  စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ တပ်တွေက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။