မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ပလောင်ဒိန်ဆာစခန်းကုန်းကို KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ(၂၅၀)၏ ပလောင်ဒိန်ဆာစခန်းကုန်းကို KIA က  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA နှင့် နီး စပ်သူများထံမှ သိရသည်။

အဆိုပါ စခန်းကို KIA က တိုက်ခိုက်စဉ် စစ်ကောင်စီတပ်သားများထွက်ပြေးသွားသဖြင့် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 "အခုနယ်မြေရှင်းလင်းရေးလုပ်နေပါတယ်။ လက်နက်တွေကို သိမ်းဆည်းနေဆဲဖြစ်လို့ အတိတကျမပြောနိုင်သေးဘူး။"ဟု KIA နှင့် နီး စပ်သူတစ်ဦးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ပြောသည်။

အဆိုပါ တပ်စခန်းကုန်းသည် ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အတွင်း KIA တပ်များဆုတ်ခွါပေးခဲ့ရသည့်စခန်းဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၂၉)ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ ဂိုက်ထိပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။