မင်းပြားတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိသလို Y8 လေယာဉ်ပေါ်က ချပေးတဲ့ ထောက်ပံ့ပစ္စည်းများလည်း AA က သိမ်းဆည်းရရှိ

ရခိုင်ပြည်နယ် မင်းပြားမြို့ကို ၂၀၂၄ခုနှစ် ဇန်ဝါရီလ(၂၀)ရက်နေ့က စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ(၂၂) လက်အောက်ခံ အမှတ်(၂၀၅)ခြေမြန်တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က ဖြတ်တောက်တိုက်ခိုက်ချေမှုန်းလိုက်တဲ့အခါမှာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးသွားကြပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း AA ဘက်က ဒီနေ့ ဇန်နဝါရီလ(၂၂)ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

အဲ့ဒီအပြင် စစ်ကောင်စီတပ်က Y8 အမျိုးအစား လေယာဉ်ပေါ်ကနေ သူတို့ တပ်သားတွေအတွက် ချပေးလိုက်တဲ့ ထောက်ပံ့ပို့ပစ္စည်းတွေကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းဆည်းရရှိလိုက်ပါသေးတယ်။

 လေကြောင်းဗုံးကြဲမှုနဲ့ပတ်သက်ပြီးတော့လည်း မင်းပြားမြို့ကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုများလည်း လုပ်ဆောင်တဲ့အတွက် မင်းပြားမြို့ပေါ်က ပြည်တော်လှရပ်ကွက်နဲ့ ရွှေပြည်စိုးရပ်ကွက်ထဲက နေအိမ်အချို့ပေါ် ဗုံးထိပြီး မီးလောင်သည်အထိ ဖြစ်ပွားခဲ့တာတွေလည်းရှိနေပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းထဲက ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များမှာလည်း AA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေလျက်ရှိပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းမှာ  ရေလမ်းကြောင်းကနေ စစ်သင်္ဘောကြီးများနဲ့ လက်နက်ခဲယမ်းသယ်ဆောင်တာတွေ လူအင်အားဖြည့်တင်းတာတွေ လုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ပိုပြင်းထန်လာနိုင်တယ်လို့လည်း သိရပါတယ်။