မန္တလေးမြို့ရှိ ဆယ်သန်းရွှေဆိုင် ဓါးပြတိုက်ခံရ

 

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်ရှိ ဆယ်သန်းရွှေဆိုင်ကို ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသား(၃)ဦးက ဓားပြတိုက်ကာ ရွှေ(၂)ပိဿာကျော် ယူဆောင်သွားသည်ဟု သိရသည်။

မဟာအောင်မြေမြို့နယ် (၃၉)လမ်း၊ (၈၄)လမ်းနှင့် (၈၅) လမ်း ကြားရှိ ဆယ်သန်းရွှေဆိုင်ကို အမျိုးသား(၃)ဦးက ဓားပြဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဖမ်းမမိသေးဟု သိရသည်။

"သေနတ် တစ်လက်ပါတယ်ပြောတယ်။ ဗန်းထဲက ရွှေတွေအကုန်ထည့်ယူသွားတယ်။ ငွေသားတချို့လည်း ပါသွားတယ်ပြောတယ်။ ရဲတွေကတော့ စစ်ဆေးပြီး ပြန်သွားပြီ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နို၀င်ဘာလကလည်း ချမ်းအေးသာစံမြို့ နယ်ရှိ အောင်ရွှေဆိုင်ကို ဓားပြဝင်တိုက်ရာ ကျပ်သိန်းတစ်သောင်းကျော် ပါသွားခဲ့ပြီး ယနေ့အထိ တရားခံများကို ဖမ်းဆီးရမိခြင်းမရှိသေးဟု သိရသည်။