မန္တလေးတွင် PDF သင်တန်းတက်ခဲ့သည်ဟုဆိုကာ လူငယ်တစ်ဦးကို ဖမ်းဆီး

 မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်အတွင်း အမျိုးသားတစ်ဦးကို PDF သင်တန်းတက်ရောက်ခဲ့ကြောင်း  စစ်ကောင်စီ၏ လော်ဘီ ဟန်ငြိမ်းဦး အမည်ရှိ Telegram ကနေ သတင်းပေး ဖော်ပြပြီးနောက် စစ်ကောင်စီတပ်သားများက ဖမ်းဆီးကာ စစ်ကြောရေး ပြုလုပ်နေကြောင်း သိရသည်။

အသက်(၂၅)နှစ်အရွယ် ကိုဇင်ကိုထွန်းအား ၂၀၂၃ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် စစ်ကောင်စီတပ်၏ လက်အောက်ခံများဖြစ်သည့် စရဖ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ အပါအဝင် ပြည်သူ့စစ်ဟု ခေါ်သည့် ပျူစောထီးအဖွဲ့များက စစ်ဝတ်စားများနှင့်အတူအရပ်ဝတ်များဖြင့် သေနတ်များချိန်ကာ ဖမ်းဆီးလိုက်သည်ကို ၎င်းတို့ မှတ်တမ်းတင်ထားသည့် ဗီဒီယိုအရ တွေ့ရသည်။



လက်ရှိတွင် ကိုဇင်ကိုထွန်းအား စစ်ကောင်စီတပ်က စစ်ကြောရေးပြုလုပ်နေပြီး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ရန် လုပ်ဆောင်နေကြောင်း သိရသည်။