မြိုင်မြို့နယ်တွင် ကျေးရွာများအတွင်း ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးအလုံး ၂၀ ချတိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ဆောက်‌တောင်ရွာနှင့် ရွာသစ်ရွာကို ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ နေ့လယ်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးအလုံး(၂၀)ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့များကို ဒရုန်းဖြင့် အီနာဂါဗုံးသီးအလုံး(၂၀)ချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိနိုင်သည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တိုက်ခိုက်မှုအား မြိုင်ပကဖနှင့်အတူ PKU Thurainအဖွဲ့၊ Young Force UG အဖွဲ့နှင့် MRTFအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ပြည်သူများသတိရှိစွာ နေထိုင်သွားလာကြရန်လည်း တိုက်တွန်းထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့ကလည်း မြိုင်မြို့နယ် ကျောက်ဆောက်တောင်ရွာကျေးရွာကို ဝင်ရောက်လာသော အင်အား(၈၀)ကျော်ပါစစ်ကြောင်းသည် ဒေသခံများအား ဖမ်းဆီးရိုက်နှက်နေသဖြင့် ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် အီနာဂါဗုံးသီး(၁၇)လုံးချ တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency

Video : မြိုင်-ပကဖ