တာချီလိတ်မြို့တွင် ဓါးရှည်ကိုင်ထားသည့် အဖွဲ့က အမျိုးသမီးတစ်ဦးထံမှ ဆိုင်ကယ်လုယူရန် ကြိုးပမ်း

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်အတွင်း၌ ဓါးရှည်ကိုင်ထားသူ ပါဝင်သည့် အမျိုးသား(၃)ဦးက  အမျိုးသမီးတစ်ဦးထံမှ ဆိုင်ကယ်လုယူရန် ကြိုးပမ်းမှု   ၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်(၆)နာရီ (၂၈)မိနစ်အချိန်က ဖြစ်ပွားခဲ့သည်။ 

"လမ်းကြားတွေမှာ  ဓါးရှည်ကိုင်ပြီး အခုလို လုယက်တာတွေက နေ့တိုင်းလုပ်နေကြတယ်။ တာချီလိတ်မြို့က တကယ်ကို မလုံခြုံတော့ဘူး။  ဘယ်မှာမှ သတင်းမတက်လာလို့သာ တကယ်က လုယက်မှုတွေ နေ့တိုင်းဖြစ်နေတယ်။ ဘယ်သူမှလည်း မတားဆီးနိုင်တော့ဘူးထင်တယ်"ဟု ဒေသခံ တစ်ဦးက Tachileik NewsAgency သို့ ပြောသည်။

 

တာချီလိတ်မြို့တွင် လူ(၂)ဦး အုပ်စု၊ (၃)ဦးအုပ်စုများဖြင့် အုပ်စုများခွဲပြီး ဓါးရှည်များဆောင်ကာ လမ်းကြားများသို့ ပတ်သွားပြီး လမ်းတွင်တွေ့ရသည့် အမျိုးသမီးများနှင့်လူငယ်များထံမှ ဆိုင်ကယ်များ လုယူခြင်းနှင့် ဖုန်း ပိုက်ဆံအိတ် လုယက်ခြင်းများမှာ နေ့စဉ် ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။