နယ်လှည့်သာသနာပြုခရီးကြွချီနေသည့် မိုင်းဖုန်းဆရာတော်က  မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF )အား ဆုတောင်း မေတ္တာပို့သကာ အဆောင်လက်ဖွဲ့များ ချီးမြှင့် 



* * * * *

နယ်လှည့်သာသနာပြုခရီးအဖြစ် ကြွနေသော မိုင်းဖုန်းဆရာတော်သည်  မိုင်းလုံမြို့သို့ ကြွချီရင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF )တို့ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ယာဉ်တန်းဖြင့် ရောက်ရှိလာ၍ တိုက်ပွဲခေတ္တအနားပေးကာ ဆရာတော်အား ဖူးမြော်ခြင်းနှင့် ဆရာတော်မှလည်း မန္တလေး PDF များကို ဆုတောင်းမေတ္တာများပို့ကာ ဩဝါဒများ ချီးမြှင့်ခဲ့ကြောင်း မန္တလေး PDF က ယနေ့ ဧပြီလ(၂၂)ရက်နေ့တွင် ဗီဒီယိုမှတ်တမ်းနှင့်အတူ သတင်းထုတ်ပြန်လာသည်။

" အင်အားသုံးအနိုင်ကျင့်နေသူများကို တရားသောစစ်ဖြင့် တွန်းလှန်တိုက်ထုတ်နေသော မိမိတို့ တပ်ဖွဲ့ဝင်များသည် မိုင်းဘုန်းဆရာတော်ဘုရားကြီး ကြွရောက်လာသဖြင့် တိုက်ပွဲကို ခေတ္တရပ်နားပေးခဲ့ပြီး ဆရာတော် ဘေးကင်းရာဒေသသို့ ရောက်ရှိသည်အထိ လုံခြုံရေးယူ ပို့ဆောင်ပေးခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ရဲဘော်များသည် မိုင်းဘုန်းဆရာတော်ဘုရားကြီးအား ဖူးမြှော်ခွင့်ရခဲ့ပြီး ဆရာတော်မှ မိမိတို့တပ်ဖွဲ့ဝင်များအပေါ်တွင် အန္တရာယ်ကင်းအဆောင်များနှင့် မေတ္တာပို့ ဩဝါဒများ ချီးမြှင်ခဲ့ပါသည် ။"ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF )က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဓမ္မသည်သာလျှင် အောင်နိုင်ရာဟု လက်ခံယုံကြည်ထားသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် မိုင်းဘုန်းဆရာတော်ဘုရားကြီး ကျန်းမာ အသက်ရှည်၍ သာသနာအကျိုးကို ယခုထက်ပိုမို သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ပြုအပ်ပါသည်"ဟုလည်း ဖော်ပြထားသည်။



သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ပြီးခဲ့သည့် လကတည်းက ပြည်တွင်းပြည်ပ နယ်လှည့်သာသနာပြုခရီးစဉ်အဖြစ် ကြွရောက်တော်မူနေပြီး   ၂၀၂၃ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် လမ်းခရီး၌  မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF )တွေ့ဆုံဖြစ်ပြီး မိုင်းဖုန်းဆရာတော်မှ ကားပေါ်မှာ ဆင်းကာ အန္တရာယ်ကင်းဘေးရှင်းရေး ဆုတောင်းမေတ္တာပိုပေးခြင်းနှင့် အဆောင်လက်ဖွဲ့များ ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်၊။

ယခုလိုပင် မိုင်းဖုန်းဆရာတော်သည် နယ်လှည့်သာသနာပြုခရီးလမ်းတလျှောက်တွင် အချို့နေရာများ၌ မည်သူ့ကို မဆို ကားပေါ်က ဆင်း၍ ဆုတောင်းပေးခြင်း အဆောင်လက်ဖွဲ့များ စွန့်ကြဲခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

 

Video: Mandalay People's Defence Force