တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားကနေ မယ်ဆိုင်ဘက်ကို ကျော်ခွထွက်ပြေးသွားတဲ့ ထိုင်းနိုင်ငံသား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့ နေ့လည်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး ချစ်ကြည်ရေး အမှတ်(၁)တံတားကို ကျော်တက်ကာ တစ်ဖက်နိုင်ငံတွင်း ထွက်ပြေးသွားတဲ့ ထိုင်းနိုင်ငံသားကို တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့က ပုဒ်မ (၃)ခုနဲ့ အမှုဖွင့်လိုက်ပြီဖြစ်ပါတယ်။

ယာဉ်တိုက်မှု၊ ထိခိုက်ဒဏ်ရာရစေမှုနှင့် ယာဉ်တိုက်မှုကနေ ထွက်ပြေးမှုစတဲ့ ပုဒ်မ (၃)ခုနဲ့ အမှုဖွင့်လိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကနေ တရားခံ ပြန်လည်လွှဲပြောင်းရရှိရေးကို တာချီလိတ်ဘက် ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီကို ပြောပါတယ်။

အဲဒီ ထိုင်းနိုင်ငံသားက တာချီလိတ်မှာ ဆိုင်ကယ်တစ်စီးနဲ့ မော်တော်ယာဉ်တစ်စီးကို တိုက်မိပြီး မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှာ သူစီးလာတဲ့ ကားကိုထားခဲ့ပြီး ပိတ်ထားတဲ့ တံတား တံခါးပေါ်ကနေ ကျော်တက်ပြီးတော့ မယ်ဆိုင်ဘက်ကို ထွက်ပြေးသွားတာဖြစ်ပါတယ်။

အဲ့လို ထိုင်းနိုင်ငံသားကို မယ်ဆိုင်ဘက်က ဖမ်းဆီးပြီး စစ်ဆေးမှုတွေ လုပ်ဆောင်တဲ့အခါမှာ  သူဟာ ထိုင်းနိုင်ငံ ဆူရဌာနီပြည်နယ် ကန်ကျနလစ်မြို့နယ်မှာ နေထိုင်တဲ့ နိုင်ဝမ်ချိုင်း ဆူဆဝမ်ဖြစ်ပြီး သူ့အနေနဲ့ ဘာကြောင့် အခုလို နယ်စပ်တံတားကို ကျော်ခွပြီး ထွက်ပြေးလာသလဲဆိုတာကိုတော့ ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး မြန်မာဘက်ကလည်း အရေးယူဖို့အတွက် ရှိနေတာဖြစ်တာကြောင့် လွှဲပြောင်းပေးရေးကိုတော့ TBC ကနေ တဆင့် ဆက်သွယ်မယ်လို့ လတ်တလော သိထားရပါတယ်။ 

Tachileik News Agency

Ko Zaung is the editor-in-chief of Tachileik News Agency.

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။