တာချီလိတ်၌ လုယက်မှုတစ်ခု ဖြစ်ပွား

တာချီလိတ်၌ လုယက်မှုတစ်ခု ဖြစ်ပွား
အောက်တိုဘာ 5, 2014
By Tachileik News Agency

ယနေ့ အောင်တိုဘာလ(၄)ရက် နံနက်(၅)နာရီခန့်တွင် အသက်(၂၄)နှစ်အရွယ် နှင့်(၂၅)နှစ်အရွယ်ရှိ အမျိုးသမီးတို့သည် အလုပ်မှ မော်တော်ဆိုင်ကယ်ဖြင့်အပြန်  တာချီလိတ်မြို့ ရွှေမြေသာယာဈေးမရောက်မီ နှင့် လနှစ်လုံးတိုက် အနီးရှိ အိမ်အခန်းငှားတိုက်တန်း အကွေ့အရောက်တွင် ဆိုင်ကယ်၏ အနောက်မှ လူတစ်ဦးသည် ဖိနပ်မပါပဲ ပြေးလိုက်လာပြီး အမျိုးသမီးငယ်၏ လက်မောင်းတွင် လွယ်ထားသော  ပိုက်ဆံအိတ်အား အတင်းလုယူ၍ ထွက်ပြေးသွားသည့် လုယက်မှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အမျိုးသမီးနှစ်ဦးသည် အလုပ်မှအပြန် ဆိုင်ကယ်နှစ်စီးဖြင့် သူငယ်ချင်းအား လိုက်ပို့ရာမှ အပြန်တွင် အဆိုပါ နေရာသို့ရောက်စဉ် အသက်(၃၀)မှ(၃၅)နှစ် ၀န်းကျင်ရှိ အမျိုးသားတစ်ဦးသည် ပြေးလိုက်လာပြီး လက်မောင်းတွင် လွယ်ထားသော ပိုက်ဆံအိတ်ကို ဆွဲလု၍ ထွက်ပြေးသွားကြောင်း နှင့် ထိုသို့ ဆွဲလုခံရမှုနှင့် ပတ်သက်၍ အဆိုပါ အမျိုးသမီး နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်သည့်အတွက် အော်၍ အကူအညီ မတောင်းခံရဲကြောင်း သိရသည်။

ထိုသို့ လုယက်မှုကြောင့် ထိုင်းဘတ်ငွေ(၅၀၀၀)ခန့် နှင့် မှတ်ပုံတင်၊ လက်ကိုင်ဖုန်း အပါအ၀င် အိမ်သော့များ ပါသွားကြောင်း၊ လုယက်မှုကျူးလွန်သူထံမှာ ကီလိုအိတ်လည်း တွေ့မြင်ရသည့်အတွက် ကီလိုကောက်သူဟု ယူဆရကြောင်း နှင့် အနီးအနားတွင် ခိုးယူရန် ကြံစည်နေသူဟု ယူဆရကြောင်းအပြင် ၎င်းတို့အနီးသို့ ပြေးဝင်လာပြီး ပိုက်ဆံအိတ်အား အတင်းဆွဲလု၍ ပြေးသွားတာဖြစ်ကြောင်း သိရသည်။

ကာယကံရှင်၏ သူငယ်ချင်းဖြစ်သူက "ဆိုင်ကယ်နှစ်စီး တစ်ယောက်တစ်စီး စီးပြီးမှပြန်တာ၊ သူငယ်ချင်းကို ပို့ပြီးပြန်တာ၊ အဲ့ဒီလူက ခိုးဖို့ စောင့်ကြည့်နေတဲ့ပုံဘဲ။  သူပြေးသွားတဲ့နေရာကို သွားကြည့်တော့ ဖိနပ်ချွတ်ထားတာကိုလည်း တွေ့ရတယ်၊ ကီလိုအိတ်လည်းတွေ့တယ်၊ ထမင်းဗူးလည်းတွေ့ရတယ်၊ ဘေးအိမ်နားက လူတွေကတော့ ဒီနားမှ ကီလိုကောက်နေတဲ့ လူတစ်ယောက်ရှိတယ်လို့တော့ ပြောတယ်"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"တာချီလိတ်မှာက အလစ်သုတ်မှုတွေ အမြဲလိုလိုတော့ မဟုတ်ပဲ  ဖြစ်တာ ကြားကြားနေရတယ်၊ ခံလိုက်ရတဲ့ လူတွေကလည်း တန်ဖိုးသိပ်မများတော့ ရဲစခန်းကို မတိုင်ကြတာလည်းရှိတယ်၊ ကျွန်တော်တို့လို တိုင်းရင်းသားတွေ အနေနဲ့ဆိုရင် တိုင်ကြားတဲ့ ကိစ္စတွေ မလုပ်ဖြစ်ကြပဲ ဒီအတိုင်းနေလိုက်ကြတယ်၊ အရင်က ထက်စာရင် အခု တာချီလိတ်မှာ မနက်(၃)နာရီ ၀န်ကျင်းဆိုရင် အိတ်တွေနဲ့ ကီလိုကောက်သူတွေ ခပ်များများတွေ့နေရတယ်၊ သူတို့က အမှိုက်ပုံးထဲက ပြန်ရောင်းလို့ရမဲ့ စွန့်ပစ်ပစ္စည်းတွေကို ရှာသလိုလိုနဲ့ လစ်ရင် လစ်သလို ခိုးတာတွေ ရှိလာတယ်"ဟု ဆန်ဆိုင်းရပ်ကွက်နေ ဦးစိုင်းရီတစ် က တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ဖြစ်ပွားသည့် နေရာဝန်းကျင်တွင် အိမ်ခန်းငှားများရှိပြီး အဆိုပါ အိမ်ခန်းငှားတို့တွင် ဟိုတယ်ဝန်ထမ်း အများအပြားနေထိုင်သော နေရာဖြစ်ကြောင်း နှင့် တာချီလိတ်မြို့တွင် ယခုအခါမှာ လေလွှင့်လူများ များပြားလာလျက်ရှိပြီး၊ လမ်းဘေးအမှိုက်ပုံများအား အမှိုက်များ ရှင်းလင်းသယောင်ဖြင့် ခိုးမှုများ၊ လုယက်မှုများဖြစ်လေ့ရှိသော်လည်း ကာယကံရှင်များမှာ ပြဿနာအရှုပ်အရှင်း မဖြစ်လို၍ ရဲစခန်းသို့ တိုင်ကြားကြခြင်းမရှိသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးတာကိုလည်း သိရသည်။

ယနေ့ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်တို့မှ သက်ဆိုင်ရာ ရဲဌာနသို့ တိုင်ကြားထားခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~