အမွေမယူသည့်သားကြောင့် အမွေဆက်ခံသူရှာရမည့် တရုတ်ဘီလျံနာ

အမွေမယူသည့်သားကြောင့် အမွေဆက်ခံသူရှာရမည့် တရုတ်ဘီလျံနာ
ဒီဇင်ဘာ 20, 2016
By Tachileik News Agency

တရုတ်နိုင်ငံ၏ အချမ်းသာဆုံးသူဌေးမှ အမေရိကန်ဒေါ်လာ (၁၂၂)ဘီလျံတန်ဖိုးရှိသည့် လုပ်ငန်းများကို သားဖြစ်သူက အမွေဆက်ခံရန် ငြင်းဆန်လိုက်ကြောင်း သိရသည်။

“သူက ကျွန်တော့်လို ဘဝကိုမဖြတ်သန်းချင်ဘူး” ဟု ဒိုင်လျန်ဝမ်ဒါလုပ်ငန်းစု၏ ဥက္ကဌ အသက် (၆၂)နှစ်အရွယ် တရုတ်ဘီလျံနာ ဝမ်ရိလျံက ဆိုသည်။

သားဖြစ်သူ အသက် (၂၈)နှစ်အရွယ် ဝမ်စီကွန်သည် ဖခင်ဖြစ်သူ၏ ကုမ္ပဏီလုပ်ငန်းစုကြီး၏ ဒါရိုက်တာအဖြစ် တာဝန်ယူထားခြင်းဖြစ်သည်။

အရောင်းစင်တာများ၊ ဟိုတယ်များ၊ ပန်းခြံများ၊ အားကစားခန်းများအပါအဝင် လုပ်ငန်းများစွာ လုပ်ကိုင်နေသည့် ဒိုင်လျန်ဝမ်ဒါလုပ်ငန်းစုအား တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ ဝမ်ရိလျံတွင် သားတစ်ဦးတည်းရှိခြင်းဖြစ်သည်။

“ကျွန်တော့်သားကို အမွေဆက်ခံဖို့ပြောတော့ သူက ကျွန်တော့်လို ဘဝကို မဖြတ်သန်းချင်ဘူးလို့ သူကပြောတယ်”ဟု စွန့်ဦးလုပ်ငန်းရှင်များညီလာခံတွင် ဝမ်က ပြောခဲ့သည်။

အဆိုပါပြောကြားချက်အား South China Morning Post ၏ဖေါ်ပြချက်ကို ဝမ်ဒါလုပ်ငန်းစု၏ ဝက်ဘ်ဆိုဒ်တွင် ဖေါ်ပြထားသည်။

“လူငယ်တွေမှာ ကိုယ်ပိုင်လမ်းကြောင်းတွေ ရွေးချယ်မှုတွေ ရှိနေတာဖြစ်နိုင်တယ်။ စီမံခန့်ခွဲမှုကျွမ်းကျင်တဲ့ မန်နေဂျာတွေကို ကုမ္ပဏီလုပ်ငန်းတွေ လွှဲပေးရတာ ပိုကောင်းပါလိမ့်မယ်။ သူတို့ လုပ်ငန်းကို ပိုကြီးထွားလာအောင် လုပ်နိုင်ကြမှာပါ”ဟု ဝမ်ကဆိုသည်။

ဝမ်စီကွန်သည် သူ၏ခွေး ဝမ်ကီကီ၏ လက်နှစ်ဖက်လုံးတွင် Apple နာရီများဆင်ပေးထားသဖြင့် ၂၀၁၅ ခုနှစ် မေလက လူမှုကွန်ယက်ဝီဘိုတွင် နာမည်ကြီးခဲ့သူဖြစ်သည်။ စီကွန်သည် လန်ဒန်ကောလိပ်တွင် စိတ်ပညာသင်ယူနေပြီး လူမှုကွန်ယက်စာမျက်နှာ ဝီဘိုတွင် follower ၂၁ သန်းကျော်ရှိကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~