ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နောင်ယားကန်တွင် ငါးမျှားခြင်း မပြုလုပ်ဖို့ စည်ပင်က မေတ္တာရပ်ခံ

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နောင်ယားကန်တွင် ငါးမျှားခြင်း မပြုလုပ်ဖို့ စည်ပင်က မေတ္တာရပ်ခံ
ဇူလိုင် 8, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နောင်ယားကန်တွင် ငါးမျှားခြင်း မပြုလုပ်ဖို့ စည်ပင်က မေတ္တာရပ်ခံ

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်သည့် နောင်ယားကန်အတွင်း ငါးမျှားခြင်းမပြုလုပ်ရန် လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးကော်မတီက မေတ္တာရပ်ခံထားပြီး လိုက်နာခြင်း မရှိပါက အရေးယူမည်ဟု သတိပေးထားသည်။

ကျွန်တော်တို့ မကြာခဏ တားမြစ်တယ်။ သတိပေးဆိုင်းဘုတ်တွေ ကပ်ထားတယ်။ ဒီနားမှာ မျှားတာတွေ့လို့ သွားပြောရင် ဟိုဖက်နားသွားပြန်မျှားတယ်။ အရက်တွေသောက်၊ ဘီယာတွေသောက်၊  အမှိုက်တွေပစ်ချ၊ လှေပြိုင်ပွဲအတွက် သုံးတဲ့လှေကို မှောက်ပြီး သိမ်းထားတာကို အဲဒီအပေါ်မှာ မီးတွေရှို့ပြီးငါးတွေကင်စားတာမျိုးတွေ လုပ်တယ်ပေါ့ဗျာ။ ရိုင်းရိုင်းစိုင်းစိုင်းတော့သိပ်မရှိသေးပေမဲ့ မမျှားနဲ့ဗျာလို့ပြောရင် အဲဒီအခိုက်တန့်လေးပဲသွားတာ။ နောက်နေ့လာမျှားတာပဲ။ ကျွန်တော်တို့ ဘာလို့ပေးမမျှားလည်းဆို ရုပ်ဆိုးလွန်းအားကြီးလို့ပါ။ ဘီးလူးချောင်းတွေရှိတယ် တခြားနေရာတွေမှာ သွားမျှားကြပါ။ ကိုယ့်မြို့သာယာဖွံ့ဖြိုးဖို့ ဒါလေးတွေတော့ လိုက်နာပေးစေလိုတယ်

ဟု လွိုင်ကော်မြို့  စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်ယားကန်အတွင်း ငါးမျှားခြင် းမပြုလုပ်ရန်အပါအဝင် ကန်ပတ်လမ်းပလက်ဖောင်းများ ပေါ်တွင်စက်ဘီး ၊ဆိုင်ကယ်များ စီးနင်းခြင်းမပြုလုပ်ကြရန် အကြိမ်ကြိမ်သတိပေး တားမြစ်ထားသော်လည်း  လိုက်နာမှု အားနည်းနေကြောင်း သိရသည်။

သတိပေးဆိုင်းဘုတ်တွေကပ်ထားတာတော့ နေရာအနှံ့ပဲ ။ ငါးမျှားတာတော့ နေ့တိုင်းလာကြတာပဲ ။တစ်ချို့က ဝါသနာအရကိုလာမျှားတြတယ်။ တစ်ချို့က မျှားရင်းသောက်စားတာတော့ရှိတာပေါ့။ အဓိက ကတော့ ပလက်ဖောင်းတွေ ဆိုင်ကယ်တွေ တက်မောင်းပြီး အသကုန်စီးကြတာမြင်မကောင်းဘူးပေါ့ဗျာ။ ဘယ်သူမှလည်း မပြောချင်ကြဘူး ။ စည်းကမ်းလိုက်နာပေးရင်ကောင်းတာပေါ့ ။ ဒီနေရာက အနယ်နယ်အရပ်ရပ်က လူတိုင်းလာလည်ကြတာ ကိုယ့်ဒေသခံတွေက စည်းကမ်းရှိပြရင် နာမည်လည်းရမယ် ။ မြို့အတွက်လည်းကောင်းတာပေါ့ 

ဟု လွိုင်ကော်မြို့မှ ဒေသခံ ကိုစိုးကပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်နေ့ညတွင် နောင်ယားကန်တံတား၌ အုပ်စုဖွဲ့ မူးယစ်အော်ဟစ်ကာ တံတားဘောင်အား ဖျက်ဆီးခဲ့သည့် လူငယ် (၁၂)ဦးအား ဖမ်းဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆(၁) ဖြင့် ဇူလိုင်လ (၁)ရက်နေ့တွင် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ အမှုဖွင့်တိုင်ကြားထားရာ  (၇)ဦးမှာအသက်မပြည့်သေးသူများဖြစ်၍ လွိုင်ကော်မြို့မရဲစခန်း၏ ထိန်းချုပ်မှုအောက်တွင်ထားရှိပြီး ကျန်(၅)ဦးကို ချုပ်ရမန်ယူထားကြောင်းသိရသည်။

ကျွန်တော်တို့ကတော့ ခုတော့ ပညာပေးနဲ့ပဲသွားနေတယ်။ ဖမ်းမယ်ဆိုရဲနဲ့ အုံနဲ့ကျင်းနဲ့ဆို ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်မယ်။ ငါးလေးမျှားရုံနဲ့ တရားစွဲတာတို့ ဒဏ်ရိုက်တာတို့ မလုပ်ချင်ဘူး။ ဖမ်းလည်းမဖမ်းချင်ဘူး ။ ကိုယ့်မြို့ကိုယ့်ရွာဖွံ့ဖြိုးရေးအတွက် လူငယ်တွေကော လူကြီးတွေကော လိုက်နာပေးကြပါ။ မျှားချင်ရင် ဘီလူးချောင်းတစ်ခုလုံးရှိတယ် မျှားကြပါ။ ဒီကန်ကြီးက လွိုင်ကော်မြို့ကို ဘုရားပေးတဲ့ လက်ဆောင်ပါ သာယာလှပဖို့ စည်းကမ်းရှိပေးကပါ ။

ဟု လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းထွန်းကပြောသည်။

ကယားပြည်နယ် ၊ လွိုင်ကော်မြို့နောင်ယားကန်မှာ  ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားဧည့်သည်များပါ  အဓိကလာရောက်လည်ပတ်သည့် အထင်ကရနေရာ တစ်ခုဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်ဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~