လားရှိုးမှ အမျိုးသမီးနှစ်ဦး အသတ်ခံရမှုမှာ လူမှုရေးကိစ္စကြောင့်ဟု ထွက်ဆိုထားသော်လည်း ကျောက်မျက်များရရန် အုပ်စုလိုက်ပြန်ပေးဆွဲ လူသတ်မှုဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်

လားရှိုးမှ အမျိုးသမီးနှစ်ဦး အသတ်ခံရမှုမှာ လူမှုရေးကိစ္စကြောင့်ဟု ထွက်ဆိုထားသော်လည်း ကျောက်မျက်များရရန် အုပ်စုလိုက်ပြန်ပေးဆွဲ လူသတ်မှုဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်
ဇူလိုင် 24, 2020
By Tachileik News Agency
လားရှိုးမှ အမျိုးသမီးနှစ်ဦး အသတ်ခံရမှုမှာ လူမှုရေးကိစ္စကြောင့်ဟု ထွက်ဆိုထားသော်လည်း ကျောက်မျက်များရရန် အုပ်စုလိုက်ပြန်ပေးဆွဲ လူသတ်မှုဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် အမျိုးသမီး(၂)ဦး၏ အလောင်းစွန့်ပစ်ထားသည့် လူသတ်မှုနှင့်ပတ်သက်၍ ကနဦးဖမ်းဆီးရမိသည့် အမျိုးသားက လူမှုရေးကိစ္စကြောင့်  သတ်သည်ဟု ထွက်ဆိုထားခဲ့သော်လည်း  အမျိုးသမီး (၂)ဦးထံမှ  ကျောက်မျက်များရလို၍  အုပ်စုလိုက် ပြန်ပေးဆွဲ လူသတ်မှုဖြစ်ကြောင်း ဇူလိုင်လတွင် ထပ်မံဖေါ်ထုတ်ရမိကြောင်း သိရသည်။

လားရှိုးမြို့၊ မတ်ချီးနုကျေးရွာအနီးတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့က လက်ပြန်ကြိုးတုပ်လျက်  သေဆုံးနေသော အမျိုးသမီး (၂) ဦးအား တွေ့ရပြီး အဆိုပါလူသတ်မှုတွင် ပါဝင်သည့် ချစ်ကိုဆိုသည့် အမျိုးသားအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသား၏ ကနဦး ထွက်ဆိုချက်တွင် သေဆုံးသွားသည့် အမျိုးသမီး (၂)ဦးအနက် (၁)ဦးဖြင့် လူမှုရေး ကိစ္စရှိသဖြင့် သတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားခဲ့ခြင်းဖြစ်သော်လည်း သေဆုံးသူ ဒေါ်နန်းဆိုင်ဟွမ်ထံတွင် သိန်းထောင်ချီတန်ကြေးရှိသည့် ကျောက်မျက်များရှိပြီး အားတီ (ခ) ရဲရင့်နိုင်ဆိုသူနှင့် ကျောက်အရောင်းအဝယ်၊ မော်တော်ယာဉ် အရောင်းအဝယ်လုပ်ငန်းများ အတူလုပ်ကိုင်လေ့ရှိကြောင်း ရဲတပ်ဖွဲ့က ထပ်မံဖေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အားတီ (ခ) ရဲရင့်နိုင်အား ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးရာမှ ဒေါ်နန်းဆိုင်ဟွမ်ပိုင်ဆိုင်သော ခရမ်းစွဲကျောက် ( ၈၁.၉ )ကီလိုဂရမ်ကို ရလိုသည့်အတွက် ဒေါ်နန်းဆိုင်ဟွမ်အား ပြန်ပေးဆွဲရန်အကြံအစည်ဖြင့် လားရှိုးမြို့၊ အောင်သစ္စာရပ်ကွက်ရှိ နေအိမ်တစ်လုံးကို (၆)လစာ ကြိုတင်ငှားရမ်းထားကာ သူငယ်ချင်းဖြစ်သည့် ရန်လိန်ခမ်းနှင့် အောင်နိုင်ဦးတို့ကို နေထိုင်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အားတီသည် ဒေါ်နန်းဆိုင်ဟွမ်၊ ဒေါ်နန်းလောင်ခမ်းတို့နှင့်အတူ မိုင်းရှုးသို့ အလုပ်ကိစ္စဖြင့် အတူသွားခဲ့ကြပြီး ဇွန်လ (၁၂)ရက်နေ့က လားရှိုးသို့ ပြန်လာရာ၌ အောင်သစ္စာလမ်းရှိ ၎င်းငှားရမ်းထားသည့်နေအိမ်ကို လိုက်ပြမည်ဟုဆိုကာ ခေါ်ဆောင်သွားကာ သေနတ်ဖြင့် ခြိမ်းခြောက်၍ချုပ်နှောင်ထားပြီး  ရန်လိန်ခမ်းနှင့် အောင်နိုင်ဦးတို့က ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

အားတီသည် ဒေါ်နန်းဆိုင်ဟွမ်၏ သားဖြစ်သူနောင်နောင်ထံသွားပြီး ၎င်းတို့ မိုင်းရှုးမှအပြန်တွင် အမည်မသိလူတစ်စုက ကားတစ်စီးဖြင့်လိုက်ကာ သေနတ်ဖြင့်ပစ်ပြီး ဒေါ်နန်းဆိုင်ဟွမ်နှင့် ဒေါ်နန်းလောင်ခမ်းတို့အား ပြန်ပေးဆွဲသွားသည်ဟု သွားရောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အားတီသည် နောင်နောင်နှင့်အတူ ဒေါ်နန်းဆိုင်ဟွမ်၏ ခရမ်းစွဲကျောက်များ အပ်နှံထားသူဆီမှ သွားပြန်ယူကာ လိုက်လံရောင်းချရာ ရက်ကြာသွားစဉ် လားရှိုးတွင် ကျန်ခဲ့သည့် ရန်လိန်ခမ်းနှင့် အောင်နိုင်ဦးတို့က ၎င်းတို့ချုပ်နှောင်ထားသည့် အမျိုးသမီး (၂)ဦးမှာ အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်သည်ဟု အားတီ၏ပြောဆိုထားချက်အရ အခြားသူများသိရှိမည်ကိုစိုးရိမ်၍ သတ်ပစ်လိုက်သည်ဟု ဆိုသည်။

ခရမ်းစွဲကျောက်များအား အားတီက ဖခင်ဖြစ်သူထံအပ်ထားပြီး ရန်လိန်ခမ်းနှင့် အောင်နိုင်ဦးတို့အား ဆက်သွယ်ရာ အမျိုးသမီး (၂)ဦးကို သတ်ထားကြောင်းသိရသဖြင့် ၎င်းတို့ အသုံးပြုရန်ပေးထားသည့် မော်တော်ယာဉ်ဖြင့် သယ်သွားကာ အလောင်းဖျောက်ဖျက်ရန်နှင့် မော်တော်ယာဉ်အား စွန့်ပစ်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အားတီက ဒေါ်နန်းဆိုင်ဟွမ်၏ ကျောက်စိမ်းလက်စွပ်တစ်ကွင်းနှင့် ငွေကျပ် (၅) သောင်းကျော်အား ယူဆောင်ခဲ့ပြီး ကျောက်စိမ်းလက်စွပ်ကို လားရှိုးမြို့မဈေးတွင် ကျပ် (၅)သိန်းကျော်ဖြင့် ရောင်းခဲ့ကာ ရန်လိန်ခမ်းနှင့် အောင်နိုင်ဦးတို့သည် မူဆယ်မြို့တွင် သွားရောက်ရှောင်တိမ်းစေခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ဖေါ်ထုတ်တွေ့ရှိချက်အရ အားတီ အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်တစ်လက်အပါအဝင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်များ၊ ကျောက်မျက်များ၊ ရောင်းချထားသည့် ကျောက်စိမ်းလက်စွပ်တို့ပါ သိမ်းဆည်းရမိပြီး မူဆယ်တွင် တိမ်းရှောင်နေသူ (၂)ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲလူသတ်မှုကျူးလွန်ကာ အလောင်းဖျောက်သည့် အားတီ(ခ)ရဲရင့်နိုင်၊ ရန်လိန်ခမ်း နှင့် အောင်နိုင်ဦးတို့ကို လားရှိုးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၇/ ၃၄၂/ ၃၀၂/ ၃၇၉/ ၁၀၉ နှင့် လက်နက်ဥပဒေပုဒ်မ ၁၉ ( စ ) တို့ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~